“သီပေါတွင် တံတားပြိုကျမှုကြောင့် မိန်းကလေး တဦးအပါအ၀င် သုံးဦး သေဆုံး”


 မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်တွင် နှစ်ပေါင်း ၁၀၀ ကျော် ခန့်ရှိသော ကွန်ကရစ်တံတား ယနေ့ ဇူလိုင် ၂၅ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် ကျိုးကျခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ဒေသခံအချို့သည် ရေစီးပြင်းစွာစီးဆင်းနေသည့် နမ့်ပေါချောင်းအား တံတားပေါ်မှ လာရောက်ကြည့်ရှုနေကြစဉ် တံတားကျိုးကျ၍ ၇ ဦး တံတားပေါ်မှ ပြုတ်ကျခြင်းဖြစ်သည်။ ၄င်းတို့အနက်မှ သုံးဦး သေဆုံးခဲ့ရပြီး လက်ရှိတွင် ကယ်ဆယ်ရေလုပ်ငန်းများပြုလုပ်လျှက်ရှိကြောင်း ဒေသခံများက အတည်ပြုပြောကြားသည်။

“ဒီတံတား အောက်မှာ ရေတွေစီးနေတာအရမ်းကြမ်းလို့ ဒေသခံတွေက လာကြည့်ကြတယ်။ ဒီတံတားရဲ့ အရှေ့ဘက်လောက်မှာလည်း ဒုဋ္ဌဝတီမြစ်ကြီးရှိတယ်။ အဲ့ဒီမြစ်ကြီးကလည်း ရေတွေကြီးပြီးလျှံနေတာနဲ့ ဒီချောင်းကို လာကြည့်ကြတာ။ ကြည့်နေတုန်းမှာပဲ ရေစီးနဲ့အတူ တံတားသံဘောင် နှစ်ခုက ပြုတ်ကျတယ်။ အဲဒီအချိန်မှာ ကြည့်နေတဲ့ဒေသခံ ၇ ဦး ရေထဲပြုတ်ကျသွားပြီး။ သုံးဦးက တံတားပိပြီး နေရာမှာတင် ပွဲချင်းပြီးသေသွားတယ်။ ကျန် လေးဦးကို ဆေးရုံတင်ထားတယ်။”ဟု မျက်မြင်တွေ့ရှိသူ သီပေါမြို့နယ်မှဒေသခံ ဦးစိုင်းဝင်းမြင့် ကဆိုသည်။


သေဆုံးသူ သုံးဦးတွင် ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်မည့် အသက် ၁၇ နှစ် အရွယ် မိန်းကလေး တဦးပါဝင်ပြီး၊ ကျန်ရှိသူ နှစ်ဦးမှာ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းဖြစ်ပြီး သီပေါမြို့နယ်မှဒေသခံများဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

“ပြည်ထောင်စု ဒု-၀န်ကြီး လာကြည့်တယ်လို့ပြောတယ်။ အခုလက်ရှိ တံတား သံဘောင်တွေကို ကရိန်းနဲ့မပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတုန်းပဲ”ဟု သီပေါမြို့နယ်မှ ဒေသခံတဦးကဆိုသည်။
ယင်းသို့ သေဆုံးမှုများရှိကြောင်း ဒေသခံများက ပြောကြားခဲ့သော်လည်း ညနေ ၄ နာရီ ခွဲအချိန်ထိ အသေအပျောက်စာရင်းအား အတည်မပြုနိုင်သေးကြောင်း သီပေါမြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက News Watch သို့ ပြောသည်။


“သီပေါတံတားကျိုးကျတာ ဟုတ်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သတ်လို့ လက်ရှိက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတုန်းပဲ၊ အသေအပျောက်စာရင်းကို အတိအကျ မသိရသေးလို့ အတည်မပြုနိုင်သေးဘူး။ တံတားကျိုးကျတဲ့အချိန်က နေ့လည် ၁ နာရီဝန်းကျင်လောက်ကပါ”ဟု ၎င်းကဆိုသည်။

အဆိုပါ ကွန်ကရစ်တံတားသည် သီပေါမြို့မ ရဲတပ်ဖွဲ့စခန်းအနီးမှ နမ့်ပေါချောင်းအား ဖြတ်ကာ သီပေါမြို့ နှင့် နမ္မတူ မြို့အား ဆက်သွယ်တည်ဆောက်ထားသော တံတားဖြစ်သည်။

နေမင်းခ၊ လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
“သီပေါတွင် တံတားပြိုကျမှုကြောင့် မိန်းကလေး တဦးအပါအ၀င် သုံးဦး သေဆုံး”  “သီပေါတွင် တံတားပြိုကျမှုကြောင့် မိန်းကလေး တဦးအပါအ၀င် သုံးဦး သေဆုံး” Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.