ပွင့်ပွင့်လင်းလင်းပြောရလျှင် “လူ့အခွင့်အရေးကော်မရှင် ဘာလဲ ဘယ်လဲ”


 ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆.၆.၂၀၁၅) ရက်နေ့ မှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ၂၀၁၄ ခုနှစ် အစီရင်ခံစာအကျဉ်းချုပ်ကို အောက်ပါ အတိုင်း ကျွန်တော်ဆွေးနွေးခဲ့ပါတယ်။

ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး)

။ ။ လေးစားရသော ပြည်ထောင်စု လွှတ်တော်နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်ကနေ ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာတင်လာတဲ့အတွက် ဒါ ပြောင်းလဲ တိုးတက်မှုရဲ့ အဆင့်တစ်ရပ်အနေနဲ့ ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချိန်တုန်းက ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းကို ဖြန့်ဝေတဲ့အခါ ပြစ်မှုဆိုင်ရာဥပဒေနဲ့ တရားစွဲထားတဲ့ အခြေအနေကနေ အခု လူ့အခွင့်အရေးကိစ္စကို တစ်စုံတစ်ရာ လွှတ်တော်ကို တင်ပြလာတဲ့အတွက် အသိအမှတ်လည်း ပြုပါတယ်။

လေးစားရသော ပြည်ထောင်စုလွှတ်တော်နာယကကြီးခင်ဗျား။

အားလုံးဆွေးနွေးတဲ့အထဲမှာ ကျွန်တော် အဓိကဆွေးနွေးချင်တဲ့အချက်ကတော့ ကျွန်တော်တို့ ဒီလွှတ်တော်သက်တမ်းမှာ ပြည်သူလူထု အတွက်၊ အထူးသဖြင့် လူ့အခွင့်အရေး နစ်နာနေတဲ့ နိုင်ငံသူ/နိုင်ငံသားတွေအတွက် ကျွန်တော်တို့ ပြဋ္ဌာန်း ပေးနိုင်တဲ့ဟာကတော့ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် (၂၁/၂၀၁၄) မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥပဒေပဲဖြစ်ပါတယ်။ ဒီဥပဒေအရ ဆောင်ရွက်တဲ့နေရာမှာ ဒီအစီရင်ခံစာမှာ ပုဒ်မ ၃ မှာ ပါတဲ့ ရည်ရွယ်ချက်တွေ၊ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်တွေကို ဒီကော်မရှင်က ဘယ်လောက်ဆောင်ရွက်နိုင်ပြီလဲ၊ အဲဒါမျိုးတွေကို အသေးစိတ်ဖော်ပြဖို့လိုပါတယ်။ သို့သော် နားလည် ပါတယ်။ အခု ဥပဒေနဲ့ဖွဲ့စည်းတဲ့ ကော်မရှင်ရဲ့သက်တမ်းက ၉ လပဲရှိပါသေးတယ်။ ဒီ ၉ လပဲရှိတဲ့ သက်တမ်းဖြစ်တဲ့အတွက် ကျွန်တော်တို့က အခုကော်မရှင်ဘက်က ကျွန်တော်တို့ရပ်တည်ပေးရမှာ ရှိပါတယ်။ ခုနက လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးထားတဲ့ ပုဒ်မ ၃၈၊ ဥပဒေအရ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်က ပေးပို့တာကို သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနတွေက ပြန်ကြားရမယ်ဆိုတာ ကိုလည်း ပုဒ်မ ၃၈ မှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ပတ်သက်ပြီး အတိအကျ သတ်မှတ်ထားပါလျက်နဲ့ အခုလို သတ်မှတ်ကာလမှာ ပြန်ကြားခဲ့တဲ့အမှုဟာ ၁၂ မှုပဲရှိပါတယ်။ ရက်ပေါင်း ၃၀ အတွင်းမှာ ပြန်ကြားခဲ့တာရှိပါတယ်။ ကျန်တာ ရက်ပေါင်း ၉၀ ကျော်ကျမှ ပြန်တယ်။ တချို့ မပြန်တဲ့ဌာနတွေ ရှိတယ်။ အဲဒီလိုကိစ္စတွေနဲ့ပတ်သက်ရင် ကော်မရှင်က ဘာလုပ်သင့်လဲ။ ဒါလည်း ကော်မရှင်ကို ကျွန်တော်တို့ အကြံပြုဖို့လိုပါတယ်။

အဲဒီလိုပဲ ကော်မရှင်ရဲ့အစီရင်ခံစာမှာ ကျွန်တော်တို့ အများပြည်သူ စိတ်ဝင်စားပြီး နိုင်ငံတကာ ကလည်း စောင့်ကြည့်နေတဲ့ ကျိုက်မရောက ကိုအောင်နိုင် (ခ) ကိုပါကြီးသေဆုံးမှု၊ လက်ပံတောင်းကိစ္စမှာ ဒေါ်ခင်ဝင်း (၅၃) နှစ်သေဆုံးမှု အဲဒါနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေကို ကော်မရှင်က Website မှာတင်ပြရုံနဲ့ မလုံလောက်ပါဘူး။ အခု ဒီအစီရင်ခံစာပို့တဲ့အခါမှာ ပူးတွဲပြီးတင်ပြဖို့လိုပါတယ်။ အဲဒီအပြင် ကော်မရှင်ဟာ ကိုယ့်ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ကျင့်သုံးဖို့လိုတယ်။ အဲဒါက ဘာလဲဆိုတော့ ဥပဒေမှာ ဘယ်လောက်ထိ ပေးထားလဲဆိုရင် ဒီပုဒ်မ ၂၂ (ဃ) မှာဆိုရင် ကော်မရှင်ဟာ တိုင်တန်းချက်တွေ၊ စွပ်စွဲချက်တွေရမှ စုံစမ်းရမှာမဟုတ်ပါဘူး။ သတင်းရရင်လည်း စုံစမ်းလို့ရပါတယ်။ အခု သာယာဝတီအကျဉ်း ထောင်မှာ ရောက်ရှိနေတဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့တောင်းဆိုထားတဲ့ ကျောင်းသူကျောင်းသား တွေ သူတို့ကိုဝန်းရံတဲ့ ပြည်သူတွေအပေါ်မှာ ဒီအင်အားသုံးတဲ့နေရာမှာ အလွန်အကျွံသုံးခဲ့တယ်ဆိုတာ သတင်းမီဒီယာတွေမှာ ဓါတ်ပုံတွေနဲ့ဖော်ပြနေပါတယ်။

အဲဒီလိုပဲ တချို့ဆိုရင် ရိုက်နှက်ခံရမှုကြောင့် ဦးနှောက်အာရုံကြောရောက်ပြီး ထိခိုက်မှုသတင်းတွေ ကလည်း သတင်းတွေထဲမှာပါပါတယ်။ ဒါမျိုးဆိုရင် ပုဒ်မ ၂၂ (ဃ) ပိုင်ခွင့်အရကို သွားရောက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့ ကော်မရှင်မှာ တာဝန်ရှိပါတယ်။ အဲဒီတော့ ကော်မရှင်ဟာ ကိုယ့်ကိုပေးထားတဲ့ အာဏာတွေကိုသုံးတဲ့အခါမှာ ခုနက ဒေါ်နန်းဝါနု ပြောသလို လုပ်ပိုင်ခွင့်မရှိဘူးဆိုရင် လုပ်ပိုင်ခွင့်ရှိတဲ့ နည်းလမ်းကိုအသုံးပြုဖို့လိုပါတယ်။ အဲဒါက ပုဒ်မ ၃၉ မှာ ကော်မရှင်ဟာ သူ့စုံစမ်းတွေ့ရှိချက်တွေ၊ အကြံပြုချက်တွေကို သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတင်ပြရမယ်ဆိုပြီးတော့ ပြဋ္ဌာန်း ပေးထားပါတယ်။ အဲဒီပြဋ္ဌာန်းချက်မျိုးနှင့်အညီ ကော်မရှင်က ပြည်ထောင်စုလွှတ်တော်ကို တင်ပြလာမယ် ဆိုရင် ခုနတုန်းက ၀န်ကြီးဌာနတွေရဲ့ ဥပဒေမလိုက်နာမှု၊ တစ်ခါ ပြည်သူတွေ လူ့အခွင့်အရေးဆုံးရှုံးနေတဲ့၊ အားလုံးက စိတ်ဝင်စားတဲ့အမှုတွေကို ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကြီးကတေ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ဖိအားပေးပြီးတော့ ထောက်ပြနိုင်ပါတယ်။

အဲဒီအပြင် ခုနက ဦးခိုင်မောင်ရည်တင်ပြလာတဲ့အတိုင်းပဲ အကျဉ်းထောင်တွေသွားတဲ့ကိစ္စ၊ အကျဉ်းထောင်တွေနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်ဥပဒေအရ ကော်မရှင်ကို ပေးထားပါတယ်။ ဒီနေ့ အကျဉ်းထောင်တွေမှာ ကျန်တဲ့ပြဿနာတွေဖယ်ထား၊ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အဆိုးဝါးဆုံးကတော့ နေရာထိုင်ခင်းကျဉ်းကျပ်နေတာ။ အကျဉ်းထောင်ဦးရေမှာ နေရာနဲ့ အကျဉ်းသားဦးရေဟာ များပြားနေတာ။ အဲဒီမှာ ရောဂါတွေ၊ အခြားအကျိုးဆက်တွေ တစ်ပြုံကြီးဖြစ်နေတာ။ အဲဒီတော့ မြန်မာနိုင်ငံလူ့အခွင့်အရေး ရဲ့ အခြေအနေအရ ဆိုးရွာနေဆဲကာလမှာ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးတဲ့ ဥပဒေကို ကိုင်တွယ်ပြီးတော့ အမျိုးသား ဒီကော်မရှင်ကနေ မြန်မာနိုင်ငံလူ့အခွင့်အရေးကို ဥပဒေနဲ့အညီ လုပ်နိုင်ဖို့ဆိုရင် ဘယ်သူ့သြဇာမှမခံဘဲနဲ့ ဥပဒေရဲ့ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ပါလို့ နာယကကြီးမှ တစ်ဆင့်အကြံပြုရင်းနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သည် မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဆောင်ပြီးတော့ အများပြည်သူယုံကြည်တဲ့ အဖွဲ့အစည်းဖြစ်ပါစေလို့ ဆန္ဒပြုရင်း ဒီအစီရင်ခံစာကို ထောက်ခံ အပ်ပါတယ်။

သို့ကလို အလေးထား ဆွေးနွေးခဲ့ရတာကတော့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ ရည်ရွယ်ချက်များဖြစ်တဲ့ (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသား များ၏ မူလအခွင့်အရေးများကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန် (ခ) ကုလသမဂ္ဂက ထုတ်ပြန်သော ကမ္ဘာ့ လူ့အခွင့်အရေးကြေငြာစာတမ်းကို အသိအမှတ်ပြု၍ လူ့အခွင့်အရေးကို လေးစားကာကွယ်သည့် လူ့အဖွဲ့ အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန် ပြဌာန်းချက်များ အသက်ဝင်ရှင်သန်မည်ကို မြင်တွေ့လိုကြောင်း ပြောပါရစေဗျား ….။

 မောင်သိန်းညွန့် (ကော့ကရိတ်)
 အမျိုးသားဒီမိုကရေစီပါတီသစ်

ပွင့်ပွင့်လင်းလင်းပြောရလျှင် “လူ့အခွင့်အရေးကော်မရှင် ဘာလဲ ဘယ်လဲ”  ပွင့်ပွင့်လင်းလင်းပြောရလျှင် “လူ့အခွင့်အရေးကော်မရှင် ဘာလဲ ဘယ်လဲ” Reviewed by THITHTOOLWIN on 17:08 Rating: 5
Powered by Blogger.