ငလျင် ကြိုတင်ခန့်မှန်းနိုင်ဖို့ တရုတ်မှာ တိရစ္ဆာန်တွေ မွေးမြူ


ငလျင် ဘယ်တော့လှုပ်နိုင်မလဲဆိုတာ ကြိုတင်ခန့်မှန်း သိရှိနိုင်ဖို့ တရုတ်သိပ္ပံပညာရှင်တွေက တိရစ္ဆာန်တွေကို အသုံးပြုကြတယ်လို့ အင်တာနက် ၀ဘ်ဆိုက်တခုမှာ ဖော်ပြထားပါတယ်။

Modern Express ဆိုတဲ့ ၀ဘ်ဆိုက်တခုမှာ Jiangsu ပြည်နယ် အရှေ့ဘက်ပိုင်းရှိ Nanjing မြို့က မြေငလျင်လေ့လာရေး ပညာရှင်တွေဟာ ဒေသတွင်းရှိ တိရစ္ဆာန်ရုံတွေနဲ့ မွေးမြူရေး စင်တာတွေမှာ စခန်းတွေဖွင့်ပြီး တိရစ္ဆာန်ပေါင်း ထောင်ပေါင်းများစွာရဲ့ အမူအယာ အပြောင်းအလဲတွေကို စောင့်ကြည့်လေ့လာနေကြတယ်လို့
ဖော်ပြထားပါတယ်။

Yuhuatai ခရိုင်မှာ ငလျင်လေ့လာရေးစခန်းအဖြစ်ထားရှိတဲ့ ဥယျာဉ်ခြံကြီးမှာဆိုရင် ကြက် အကောင် ၂ ထောင်၊ ၀က် အကောင် ၂၀၀ နဲ့ ၂ စတုရန်းကီလိုမီတာ အကျယ်ရှိတဲ့ ငါးမွေးကန် ၁ ခု ထားရှိပြီး စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

အဲဒီ ဥယျာဉ်ခြံတ၀ိုက်မှာ ကင်မရာတွေ တပ်ဆင်ထားပြီး တိရစ္ဆာန်တွေရဲ့ အမူအယာကို ၀န်ထမ်းတွေက တနေ့ ၂ ကြိမ် ငလျင်ဆိုင်ရာ တိရစ္ဆာန်ဌာနကို သတင်းပို့ရတယ်လို့လည်း ဆိုပါတယ်။

တိရစ္ဆာန်တွေဟာ ငလျင်မလှုပ်ခင်မှာ တခါတလေ ကြောင့်ကြစိတ် ဖြစ်ပေါ်တတ်ကြတယ်လို့ Nanjing မြေငလျင်ဆိုင်ရာ ဗျူရိုအကြီးအကဲ Zhao Bing ကပြောပါတယ်။

Hongshan တိရစ္ဆာန်ရုံက ၀န်ထမ်းတဦးကတော့ ငှက်တွေဟာ စိတ်လှုပ်ရှားတတ်ကြပြီး သူတို့ရဲ့အမြီးကို ခွေးတွေလို လှုပ်ယမ်းနေတယ်ဆိုရင် သတိထား စောင့်ကြည့်ဖို့လိုတယ်လို့ ဆိုပါတယ်။

တိရစ္ဆာန်တွေရဲ့ အမူအယာကို ကြည့်ပြီး ငလျင်လှုပ်မှာကို ကြိုတင် သတိထားနိုင်တယ်လို့ ယူဆခဲ့ကြတာ နှစ်အတန်ကြာ ကတည်းက ဖြစ်ပါတယ်။

ငလျင်မလှုပ်ခင် ဖြစ်ပေါ်လေ့ရှိတဲ့ မြေကြီးထဲရှိ ရေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေရဲ့အပြောင်းအလဲကို တိရစ္ဆာန်တွေက သိရှိနိုင်တယ်လို့လည်း ၂၀၁၁ ခုနှစ်တုန်းက သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

သူတို့ရဲ့လေ့လာမှုအရ အီတလီနိုင်ငံ L'Aquila မြို့ မှာ ၆.၃ ပြင်းအားရှိတဲ့ ငလျင်မလှုပ်ခတ်ခင်မှာ ဖားပြုပ်တွေဟာ သူတို့နေထိုင်ရာ ရေကန်က ပြောင်းရွှေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ငလျင် ကြိုတင်ခန့်မှန်းနိုင်ဖို့ တရုတ်မှာ တိရစ္ဆာန်တွေ မွေးမြူ  ငလျင် ကြိုတင်ခန့်မှန်းနိုင်ဖို့ တရုတ်မှာ တိရစ္ဆာန်တွေ မွေးမြူ Reviewed by သစ်ထူးလွင် on 16:48 Rating: 5
Powered by Blogger.