မြောက်ဥက္ကလာပမြို့နယ်အတွင်း လေဆင်နှာမောင်းတိုက်ခတ် စာသင်ကျောင်းသုံးကျောင်းနှင့် လူနေအိမ် ၁ဝဝ ကျော် ပျက်စီးဆုံးရှုံး၊ တစ်ဦးဒဏ်ရာရ


ရန်ကုန် ဇူလိုင် ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် အတွင်းသို့ ယနေ့နံနက် ၁ နာရီခန့်တွင် လေဆင်နှာ မောင်းဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရပ်ကွက်အချို့ရှိ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ လူမှုရေးအသင်း အဆောက်အအုံများမှ အမိုးများလေထဲလွင့်ပါဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး သစ်ပင်များမှာ လမ်းမများပေါ်နှင့် လူနေအိမ် များပေါ်သို့ ပြိုလဲခဲ့သည်။

လေဆင်နှာမောင်းတိုက်ခတ်ရာလမ်းကြောင်းပေါ်တွင် ကျရောက်ခဲ့သော မြောက်ဥက္ကလာပမြို့နယ်(က) ရပ်ကွက်ရှိ အမက(၂၆)စာသင်ကျောင်း အဝင်မုခ်ဦးမှာ ပြိုလဲခဲ့ပြီး အမိုးများအားလုံးနီးပါး လေနှင့်အတူ လွင့်ပါ သွားခဲ့သည်။ (ဈ)ရပ်ကွက် စက္ကဝတ်လမ်းတစ်လျှောက်ရှိ လူနေအိမ် ၁၈ လုံးမှာလည်း အမိုးသွပ်များ လေထဲလွင့်ပါ ပျက်စီး ဆုံးရှုံးမှုများဖြစ်ပွားခဲ့ပြီး (ဈ)ဖြူစင်မေတ္တာ အခမဲ့ ဆေးကုခန်းမှန်များ ကွဲသွားခဲ့သည်။

အလားတူ(ည)ရပ်ကွက် ဘုမ္မာလမ်းပေါ်ရှိ အမက (၁၅)နှင့် အမက(၁၆) စာသင်ကျောင်းနှစ်ကျောင်းမှာ အမိုးသွပ်များ လေထဲလွင့်ပါခြင်း၊ ပြည့်စုံဖြိုး ဘုမ္မာအရှေ့ သမအသင်းပိုင်မြေကွက်ပေါ်ရှိ လူနေအိမ်ဆိုင်ခန်း ကိုးခန်း ပြိုကျခြင်း၊ ရပ်ကွက်လူနေအိမ်ခြေ ၈ဝ ခန့်သွပ်မိုးများ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။ ပြည့်စုံဖြိုးလူနေသမ ဆိုင်ခန်းနေ ဒေါ်ခင်မြင့်(၄ဝ)နှစ်မှာ ဦးခေါင်း၌ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပြီး ရွှေပေါက်ကံမြို့သစ်(၂၁) ရပ်ကွက်ရှိ လူနေအိမ်အချို့မှာလည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်စည်ပင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ (ဈ) ရပ်ကွက် ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက လမ်းမများပေါ်တွင် လဲပြိုနေသော သစ်ပင်များခုတ်လှဲရှင်းလင်းခြင်း၊ လူနေအိမ်များပေါ်သို့ လဲကျနေသောအပင်များ ရှင်းလင်းခြင်းတို့ကို ကူညီ ဆောင်ရွက်ပေးခဲ့သည်။ စာသင်ကျောင်းသုံးကျောင်း၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးကို မထိခိုက်စေရန်အတွက်(က) ရပ်ကွက် အမက ၂၆ မှ ကျောင်းသား ကျောင်းသူများ အား ရပ်ကွက်ဓမ္မာရုံနှစ်ခု၌ လည်းကောင်း၊ အမက(၁၆)မှ ကျောင်းသား ကျောင်းသူများအား (ည)ရပ်ကွက် ဓမ္မာရုံ နှစ်ခု၌ လည်းကောင်း ယာယီဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပြီး အမက(၁၅)မှ ကျောင်းသား ကျောင်းသူများအား နံနက်ပိုင်း၊ ညနေပိုင်း နှစ်ချိန်ခွဲခြား၍ လည်းကောင်း သင်ကြားနိုင်ရေးအတွက်စီစဉ်ထားသည်။ ပျက်စီးသွား သော စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ပြုပြင် နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့်ကျောင်းအကျိုး တော်ဆောင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။

တင့်လွင်(မ/ဥက္ကလာပ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
မြောက်ဥက္ကလာပမြို့နယ်အတွင်း လေဆင်နှာမောင်းတိုက်ခတ် စာသင်ကျောင်းသုံးကျောင်းနှင့် လူနေအိမ် ၁ဝဝ ကျော် ပျက်စီးဆုံးရှုံး၊ တစ်ဦးဒဏ်ရာရ  မြောက်ဥက္ကလာပမြို့နယ်အတွင်း လေဆင်နှာမောင်းတိုက်ခတ် စာသင်ကျောင်းသုံးကျောင်းနှင့် လူနေအိမ် ၁ဝဝ ကျော် ပျက်စီးဆုံးရှုံး၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 06:23 Rating: 5
Powered by Blogger.