နောက်ပြောင်ခြိမ်းခြောက်မှုကြောင့် တူရကီလေယာဉ် နယူးဒေလီသို့ အရေးပေါ်ဆင်းသက်ရ


နယူးဒေလီ ဇူလိုင် ၇

ခရီးသည် ၁၄၈ ဦးလိုက်ပါလာသည့် တူရကီလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ဗုံးခြိမ်းခြောက်မှုတစ်ရပ်ကြောင့် ဇူလိုင် ၇ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အင်ဒီယာဂန္ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း လေကြောင်းပျံသန်းရေးဆိုင်ရာ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံမှ အီစတန်ဘူလ်မြို့တော်သို့ ပျံသန်းလာသော အဆိုပါလေယာဉ်မှာ လေယာဉ်သန့်စင်ခန်းအတွင်းရှိ မှန်တစ်ချပ်ပေါ်၌ နှုတ်ခမ်းနီတောင့်ဖြင့် ရေးသားထားသော လေယာဉ်ပေါ်ပါ ကုန်ပစ္စည်းများအတွင်း ဗုံးတစ်လုံးထောင်ထားသည်ဟူသော သတိပေးစာကိုတွေ့ရှိပြီးနောက် အရေးပေါ်ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောကြားသည်။

''နိုင်ငံအနောက်ပိုင်းမြို့တော် နာဂပူမြို့ပေါ် လေယာဉ်ပျံသန်းနေချိန်မှာ အဲဒီသတင်းနဲ့ပတ်သက်ပြီး လေယာဉ်မှူးက လေကြောင်းထိန်းချုပ်သူတွေကို ပြောကြားခဲ့ပါတယ်။ လေယာဉ်ကို နယူးဒေလီမှာ အရေးပေါ် ဆင်းသက်မှုပြုလုပ်ဖို့ ပြောကြားခဲ့ပြီး လေယာဉ်ဆင်းသက် ပြီးတဲ့နောက် ချက်ချင်းဆိုသလို သီးသန့်လေယာဉ်ရုံဆီ ယူသွားခဲ့ပါတယ်'' ဟု ၎င်းကဆိုသည်။

ခရီးသည်အားလုံးနှင့် လေယာဉ်အမှုထမ်းများကို ဘေးကင်းရာသို့ရွှေ့ပြောင်းပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးကွန်မန်ဒိုများက လေယာဉ်အား ရှာဖွေမှု ပြုလုပ်ခဲ့သော်လည်း သံသယဖြစ်စရာ မည်သည့်အရာမျှ မတွေ့ရှိခဲ့ကြောင်း၊ အဆိုပါသတင်းမှာ နောက်ပြောင်လိမ်လည်မှုတစ်ခုသာ ဖြစ်ပုံရသော်လည်း ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း၊ ထိုဖြစ်ရပ်နှင့် ဆက်နွှယ်၍ ခရီးသည်အားလုံးကို မေးမြန်းစစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
နောက်ပြောင်ခြိမ်းခြောက်မှုကြောင့် တူရကီလေယာဉ် နယူးဒေလီသို့ အရေးပေါ်ဆင်းသက်ရ  နောက်ပြောင်ခြိမ်းခြောက်မှုကြောင့် တူရကီလေယာဉ် နယူးဒေလီသို့ အရေးပေါ်ဆင်းသက်ရ Reviewed by သစ်ထူးလွင် on 09:49 Rating: 5
Powered by Blogger.