ကချင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ

 လှုပ်ရှားသွားလာနေသော အစိုးရတပ်သားတချို့ကို တွေ့ရစဉ် Photo: Kyaw Myo Min/ RFA

 ကချင်ပြည်နယ် ဆွမ်ပရာဘွမ်ဒေသမှာ အစိုးရတပ်တွေနဲ့ KIAတပ်တွေ မနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီနေ့မှာလည်း မနက်အစောပိုင်းကတည်းက အစိုးရ ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KIA စစ်မဟာဗျူဟာဌာန က RFAကို ပြောပါတယ်။

မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အစိုးရဘက်က တိုက်လေယဉ်နဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက် ပွဲတွေမဖြစ်ပွားခင် ဇူလိုင်လ ၁၀ ရက်နေ့၊ ညနေ ၅ နာရီက ဆွမ်ပရာဘွမ်မှာရှိတဲ့ KIA စခန်းကို နေရာပြောင်းရွှေ့ပေးဖို့ အစိုးရတပ်ဘက်က စာပေးပို့ခဲ့တယ်လို့ KIA စစ်မဟာဗျူဟာဌာန အကြီးအကဲ ဗိုလ်မှူးကြီး ဇော်တောင် က ပြောပါတယ်။

"သူတို့ကတော့ ပြောတယ်၊ KIA ရဲ့နယ်မြေက ဧရာဝတီရဲ့အရှေ့ဘက်ကမ်းမှာဘဲ၊ ဒီအနောက်ဘက် ကမ်းမှာမဟုတ်ဘူး၊ ဒါကြောင့် အနောက်ဘက်ကမ်းက စခန်းကို ရွှေ့ပေးဖို့ဆိုပြီးမှ ညနေ ၅ နာရီလောက်မှာ စာဝင်တယ်၊ နောက်နေ့ ၉ နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်၊ ၁၁ ခွဲလောက်မှာ တစ်ကြိမ်၊ ညနေ ၃ နာရီလောက်မှာ တစ်ကြိမ်၊ ဒီမနက်မှာတော့ လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတာဘဲကြားတယ်၊ ကျန်တဲ့ နောက်ဆက်တွဲကတော့ မကြားရသေးပါဘူး"

ဒီနေ့မနက် ၅ နာရီဝန်းကျင်ကတည်းက အစိုးရတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး၊ မြေပြင်ထိုးစစ်တွေလည်းရှိခဲ့ တယ်လို့ ပြောပါတယ်။

မနေ့ကတော့ အစိုးရတပ်တွေ လေကြောင်းကနေတိုက်ခိုက်တဲ့ KIAရဲ့ မလိယန် ရှေ့တန်းစခန်းကို ဆုတ်ခွာပေး လိုက်တယ်လို့ သိရပါတယ်။

အခုတိုက်ပွဲတွေဖြစ်ပွားတဲ့နေရာဟာ ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ကချင်ပြည်နယ်တွင်းမှာဖြစ်ပေမယ့် အစိုးရ တပ်တွေကတော့ အဲဒီနေရာတွေဟာ KIA နယ်မြေမဟုတ်ဘူးလို့ အကြောင်းပြထားတယ်လို့ ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကချင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ  ကချင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ Reviewed by သစ်ထူးလွင် on 01:27 Rating: 5
Powered by Blogger.