ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် လူစီးအမြန်ရေယာဉ်များ နှင့် ကုန်တင်ရေယာဉ်များ ခရီးစဉ်ရပ်နား

ချင်းတွင်း မြစ်အတွင်း ရေဘေးအန္တရာယ် မကျရောက်ရေး ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဓာတ်ပုံ-MOI)
    ရန်ကုန်၊ဇူလိုင်၃၁ရက်(ဆင်ဟွာ)

    ချင်းတွင်းမြစ်ရေသည် မြစ်ကြောင်းတစ်လျှောက် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလျက်ရှိရာ မုံရွာမြို့နယ် ဇူလိုင် ၃၀ ရက်နေ့မှ သြဂုတ်လ ၁ရက်နေ့အထိ ကုန်တင်ရေယာဉ်များ၊ လူစီးအမြန်ရေယာဉ်များ ခရီးစဉ်ပြေးဆွဲခြင်းကို ရပ်နားထားကြောင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီမှ သတင်းထုတ်ပြန်သည်။

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် မစိန်ကျေးရွာရှိမစိန်ဝဲ၊ ကလေးဝမြို့နယ်ရှိပေ၀ဲ၊ မင်းကင်းမြို့နယ် မောက္ကတော်ကျေးရွာရှိ ၀က်သိုက်ဝဲ၊ ဘုတလင်မြို့နယ်ရှိ ရွှေစာရေးဝဲများက မြစ်ရေကြီးချိန်တွင် သဘောင်္များ သွားလာရ အခက်အခဲရှိသဖြင့် ခရီးစဉ်များ ရပ်နားထားရခြင်းဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ ၃၀ ရက်နံနက်ဘက်တွင် မုံရွာမြို့ ၌ ၁၀၀၂ စင်တီမီတာ ကိုရောက်ရှိနေပြီး၊ ကလေးဝတွင်လည်း စိုးရိမ်ရေအမှတ် ကျော်နေပြီဖြစ်သည့် အတွက် ခရီးစဉ်တလျှောက် အန္တရာယ်မဖြစ်စေရေးအတွက် ခရီးစဉ်ကို ရပ်နားထားတာဖြစ်ကြောင်း၊ မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ ၉၅၀ စင်တီမီတာသို့ ပြန်ရောက်သည့်အချိန်တွင် ရေယာဉ်ခရီးစဉ်များကို ပြန်လည်ပြေးဆွဲသွားမှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ချင်းတွင်းမြစ်အတွင်းတွင် မုံရွာမြို့ မှ အထက်ချင်းတွင်းဒေသများသို့ ကုန်တင်အမြန်ရေယာဉ် နှင့် လူစီးအမြန်ရေယာဉ် ၅၈၆စီး သည် နေ့စဉ် ၊ အပတ်စဉ် အလှည့်ကျစနစ်ဖြင့် ပြေးဆွဲ လျှက်ရှိကြောင်း ၊ အဆိုပါ ခရီးစဉ်များအား ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ယာယီရပ်နားထားရတာဖြစ်ကြောင်း သတင်းရရှိသည်။

(Xinhua)
http://www.xinhuamyanmar.com

ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် လူစီးအမြန်ရေယာဉ်များ နှင့် ကုန်တင်ရေယာဉ်များ ခရီးစဉ်ရပ်နား  ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် လူစီးအမြန်ရေယာဉ်များ နှင့် ကုန်တင်ရေယာဉ်များ ခရီးစဉ်ရပ်နား Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.