အမြန်လမ်းမကြီးပေါ်တွင် မိုးရွာသွန်းစဉ် အရှိန်ပြင်းမောင်းခြင်းကြောင့် လမ်းချော်တိမ်းမှောက်နိုင်သဖြင့် ယာဉ်မောင်းများ အထူးသတိပြုသင့်


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် နေ့စဉ်ယာဉ်စီးရေ ၁၄ဝဝဝ ခန့် ဖြတ်သန်း သွားလာနေသော လမ်းမကြီးဖြစ်ပြီး ယာဉ်မတော်တဆမှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ ၂ဝ၁၃ ခုနှစ်အတွင်း၌ အမြန်လမ်းမ ကြီးတစ်လျှောက် ယာဉ်မတော်တဆမှု ၂၅၉ မှု ဖြစ်ပွားခဲ့ပြီး ၁၁၃ ဦး သေဆုံး ကာ ၆၂၂ ဦး ဒဏ်ရာရရှိခဲ့သည်။

၂ဝ၁၄ ခုနှစ်အတွင်း ၃၉၂ မှုဖြစ်ပွားခဲ့ပြီး ၁၁၃ ဦးသေဆုံးကာ ၇၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ စာရင်းဇယား များအရ သိရသည်။

ယခုအခါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ခွင့်ပြုကုန်စည်တင် ယာဉ်အချို့ကို ဖြတ်သန်းသွားလာခွင့်ပြုခဲ့သဖြင့် လမ်းအသုံးပြုသည့် ယာဉ်အရေ အတွက်မှာ နေ့စဉ်စီးရေ ၂ဝဝဝဝ ခန့်အထိ တိုးလာနိုင်မည်ဖြစ်ကာ ယာဉ် မတော်တဆမှုများလည်း ပိုဖြစ်လာနိုင်စရာရှိနေသည်။ ထို့ကြောင့် ခရီးသွား ပြည်သူများ၏ အသက်အန္တရာယ်လုံခြုံရေးနှင့် ခရီးလမ်းချောမွေ့စေရေးအတွက် ယာဉ်မောင်းများအနေဖြင့် အထူးသတိပြုမောင်းနှင်ကြရန် အရေးကြီးပေသည်။

ယခုနှစ် မိုးရာသီကာလတွင် အမြန်လမ်းမကြီးပေါ်၌ မိုးရွာသွန်းစဉ် ယာဉ် မောင်းအချို့အနေဖြင့် အရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင်ခဲ့သဖြင့် လမ်းချော် ပြီးတိမ်းမှောက်မှုများ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ ဇွန် ၈ ရက် မွန်းတည့် ၁၂ နာရီခန့် မိုးရွာသွန်းနေချိန်တွင် မောင်းနှင်လာသည့် နေကြာခရီးသည်တင် မှန်လုံယာဉ်သည် အမြန်လမ်းပေါ် မိုင်တိုင်(၂ဝ၃/၂ )နှင့် (၂ဝ၃/၃)အကြား၌ လမ်းချော်ပြီး အရှိန်မထိန်းနိုင်၍ လမ်း၏ယာဘက်ဘေးရှိ အလူမီနီယံပေါင် တန်းများကိုတိုက်မိကာ ဝဲဘက်သို့တိမ်းမှောက်ပြီး လမ်းဘေးခြံစည်းရိုး အုတ်ခုံတန်းဖြင့် ထပ်မံတိုက်မိကာ အတည့်ပြန်ကျခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များအနက် အမျိုးသားတစ်ဦး သေဆုံး ခဲ့ပြီး အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီးလေးဦး ဒဏ်ရာများရရှိခဲ့သည်။

ဇွန် ၂၅ ရက် နံနက် ၄ နာရီခန့်တွင်လည်း မိုင်တိုင်အမှတ်(၂၈၇/၂)နှင့် (၂၈၇/၃)အကြား၌ ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသည့် ခိုင်မန္တလေး ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ နောက်တစ်ရက် ဇွန် ၂၆ ရက် နံနက် ၅ နာရီခွဲခန့်တွင်လည်း မိုင်တိုင်အမှတ်(၂၅၁/၁)နှင့် (၂၅၁/၂)အကြား၌ နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာသည့် ရွှေစင် စကြ်ာ ခရီးသည်တင်မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ဘာရီယာတုံးများကို ဝင်တိုက်မိကာ တစ်ပတ်လိမ့်၍ လမ်းလယ်ကျွန်းပေါ်သို့ ပြန်ကျခဲ့သည့် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ နှစ်ရက်ဆက်တိုက်ယာဉ်တိမ်း မှောက်ခြင်း ဖြစ်ခဲ့သည်။

မိုးရာသီကာလ၌ မိုးရွာသွန်းနေစဉ် အမြန်လမ်းအသုံးပြုသွားလာနေကြသော ယာဉ်မောင်းများအနေဖြင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရေး အတွက် မိမိယာဉ်ကို သတ်မှတ်အမြန်နှုန်းအတိုင်း ဂရုပြုမောင်းနှင်ကြရန် လိုအပ်ပေသည်။ ယာဉ်မောင်းများအနေဖြင့် အငိုက်လေးမျိုးကို အသိ၊ သတိ ဖြင့် ဂရုပြုလိုက်နာပါက ယာဉ်မတော်တဆမှုများ နည်းပါးသွားမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းက ပြောသည်။ ''ယာဉ်မောင်းတွေအနေ နဲ့ ရာသီဥတုအငိုက်၊ အချိန်အငိုက်၊ ပထဝီမြေပြင်အနေအထားအငိုက်နဲ့ လူ အငိုက်ဆိုတဲ့ အငိုက်လေးမျိုးကို သတိထားဖို့လိုပါတယ်။ ရာသီဥတုဆိုးဝါး နေချိန်၊ မိမိယာဉ်ရဲ့အလင်းရောင်နဲ့ မောင်းနှင်နေရတဲ့ ညအချိန်အခါမျိုး၊ မိမိမောင်းနှင်နေရတဲ့ လမ်းအနေအထားနဲ့ ယာဉ်မောင်းနေစဉ် အိပ်ငိုက်မှု မရှိအောင် ဆင်ခြင်တုံတရားနဲ့ သတိထားမောင်းနှင်မယ်ဆိုရင် အခုလို ယာဉ် မတော်တဆဖြစ်တာတွေ နည်းပါးသွားမှာပါ။ ယာဉ်မတော်တဆဖြစ်ပွားမှု နည်းပါးသွားအောင် အမြန်လမ်းရဲတပ်ဖွဲ့တစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရ ပါဘူး။ ခရီးသွားပြည်သူတွေ၊ ယာဉ်လိုင်းတွေ၊ ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အဓိကအနေနဲ့ ယာဉ်ပိုင်ရှင် ယာဉ်အသင်းတွေက အတွေ့အကြုံရင့်ကျက်ပြီး သတ်မှတ်ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းလိုက်နာတဲ့ ကျွမ်းကျင်ယာဉ်မောင်းတွေကို ရွေးချယ်ခန့်အပ်တာဝန်ပေးဖို့ လိုသလို ယာဉ်ရဲ့ ကြံ့ခိုင်မှုတွေကိုလည်း အစဉ်အမြဲ စစ်ဆေးဖို့လိုပါတယ်''ဟု သုံးသပ်ပြောဆိုသည်။

ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားပြီဆိုလျှင် ခရီးသွားပြည်သူများအနေဖြင့် သေဆုံးခြင်း၊ ဒဏ်ရာရခြင်းများဖြစ်ကာ နစ်နာဆုံးရှုံးမှု များစွာဖြစ်ကြရသည်။ ယာဉ်မောင်းများအနေဖြင့် ခရီးသည်များ၏အသက်သည် မိမိတို့လက်ထဲတွင် ရှိနေ၍ ယာဉ်ကို သတ်မှတ်အမြန်နှုန်းအတိုင်း စနစ်တကျမောင်းနှင်ရန် လိုအပ်ပေသည်။ မိုးအဆက်မပြတ်ရွာသွန်းနေစဉ် အရှိန်ပြင်းမောင်းနှင်ခြင်း ကြောင့် ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ ယာဉ်မောင်း များအနေဖြင့် သတိပြု၍ မောင်းနှင်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါ သည်။ ။

သတင်းဆောင်းပါး-ရဲရဲ(ပျဉ်းမနား)
ဓာတ်ပုံ-ဆောက်လုပ်ရေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အမြန်လမ်းမကြီးပေါ်တွင် မိုးရွာသွန်းစဉ် အရှိန်ပြင်းမောင်းခြင်းကြောင့် လမ်းချော်တိမ်းမှောက်နိုင်သဖြင့် ယာဉ်မောင်းများ အထူးသတိပြုသင့်  အမြန်လမ်းမကြီးပေါ်တွင် မိုးရွာသွန်းစဉ် အရှိန်ပြင်းမောင်းခြင်းကြောင့် လမ်းချော်တိမ်းမှောက်နိုင်သဖြင့် ယာဉ်မောင်းများ အထူးသတိပြုသင့် Reviewed by သစ်ထူးလွင် on 03:04 Rating: 5
Powered by Blogger.