တရုတ်သစ်ခိုးထုတ်သမားတွေ ရဲ့ပြစ်ဒဏ် ပြင်ဆင်ပေးဖို့ တရုတ်သံအရာရှိ တောင်းဆို

 တရားမဝင်သစ်ခိုးထုတ်မှုနဲ့ ဒီလ ၂၂ ရက်နေ့က ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရတဲ့ တရုတ်နိုင်ငံသား အယောက် ၁၅ဝ ကျော် ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမြို့အခြေစိုက် တရုတ် ကောင်စစ်ဝန်ချုပ် Mr. Wang Yu ဟာ မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒီနေ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ တရုတ်နိုင်ငံသားတွေကို ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ပြန်လည်ပြင်ဆင်လို့ရရင် ပြင်ပေး ဖို့ ပြောသွားတယ်လို့ ကချင်ပြည်နယ် သစ်တောနဲ့သတ္တုဝန်ကြီး ဦးအောင်နိုင်က ပြောပါတယ်။

"သူတို့တရုတ်နိုင်ငံသားတွေကို ဒီလောက်ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်တယ်ပေါ့နော်၊ အနှစ် ၂ဝ တို့ တစ်သက်တစ်ကျွန်းတို့ချတယ်ပေါ့၊ ဒါကသူတို့အတွက် နစ်နာပါတယ်၊ မီဒီယာတွေမှာလည်း ဝေဖန်နေ တာတွေ ပြောနေတာတွေ သူတို့ ကြားရသဖြင့်တော့ သိရပါတယ်ပေါ့၊ တရားစီရင်ရေးက လွတ်လပ်တဲ့ ဟာလေးပဲ သူတို့ကကူညီစောင့်ရှောက်ပေးဖို့ပေါ့လေ၊ နစ်နာလို့ များလို့ ဒါလေးကိုတော့ ပြန်ပြီးမှ ပြင်လို့ ရရင်ပြင်ပေးဖို့ စောင့်ရှောက်ပေးဖို့ ဒါလေးကူညီပေးဖို့ပြောတဲ့သဘောပါပဲ"

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက မန်ဝိန်း၊ ဝါးရှောင်၊ ဆဒုံး စတဲ့ဒေသတွေမှာ သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသားတွေကို မြန်မာတပ်မတော်စစ်ကြောင်းက အခုနှစ်ဆန်းပိုင်းက ယာဉ်စက်ယန္တရားတွေအပါအဝင် မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိခဲ့တာပါ။

တရုတ်နိုင်ငံသား ၁၅၅ ယောက်ထဲက ၁၅၃ ယောက်ကို တစ်သက်တစ်ကျွန်းကျခံစေဖို့ မြစ်ကြီးနားခရိုင်တရားရုံးက ဇူလိုင် ၂၂ ရက်နေ့က ပြစ်ဒဏ်တွေချမှတ်ခဲ့ပြီး အသက်မပြည့်တဲ့ လူငယ်နှစ်ယောက်ကိုတော့ ထောင်ဒဏ် ၁ဝ နှစ် အမိန့်ချခဲ့တာပါ။

အဲ့ဒီထဲက အမျိုးသမီးတစ်ဦးဟာ အနှစ်နှစ်ဆယ်နဲ့ ညီမျှတဲ့ ထာင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် မူးယစ်ဆေးဝါးမှု နဲ့ ထောင်ဒဏ် ၁၅ နှစ်ကို သီးခြားကျခံရမှာဖြစ်ပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဥပဒေချုပ်၊ လုံခြုံးရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး၊ သစ်တောနဲ့သတ္တုဝန်ကြီးတို့ တက်ရောက်ခဲ့ပါတယ်။

BBC Burmese
http://www.rfa.org/burmese
တရုတ်သစ်ခိုးထုတ်သမားတွေ ရဲ့ပြစ်ဒဏ် ပြင်ဆင်ပေးဖို့ တရုတ်သံအရာရှိ တောင်းဆို  တရုတ်သစ်ခိုးထုတ်သမားတွေ ရဲ့ပြစ်ဒဏ် ပြင်ဆင်ပေးဖို့ တရုတ်သံအရာရှိ တောင်းဆို Reviewed by THITHTOOLWIN on 22:10 Rating: 5
Powered by Blogger.