လော်ဝေါ်ပါတီ ၂၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်

 ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဇူလိုင် ၂၅ ရက်နေ့က လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဌာနချုပ်ကို ဖွင့်လှစ်စဉ် Photo:Kyaw Myo Min/RFA
 ကချင်ပြည်နယ်ဝိုင်းမော်မြို့မှာ ပါတီရုံးချုပ်တည်ရှိတဲ့ လော်ဝေါ် အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ LNUDP ဟာ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မြို့နယ် ၆ ခုမှာ ကိုယ်စားလှယ်လောင်း၂၇ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

ကချင်ပြည်နယ်က မြို့နယ်လေးခုနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်နှစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဝိုင်းမော်မြို့မှာ ဒီနေ့ပြုလုပ်တဲ့ ပါတီရုံးချုပ်ဖွင့်ပွဲအခမ်းအနားမှာ လော်ဝေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဘီဟောင်းဇယ်က ပြောပါတယ်။

ကချင်ပြည်နယ်က မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော် စတြဲ့မို့နယ်တွေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုးနဲ့ ကွမ်းလုံမြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့က LNUDP ပါတီကို တရားဝင်ပါတီ တည်ထောင်ခွင့်ပြုခဲ့တာဖြစ်ပြီး ပါတီမှတ်ပုံတင်အမှတ်မှာ ၈၉ ဖြစ်ပါတယ်။ လော်ဝေါ် တိုင်းရင်းသားမျိုးနွယ်စုတွေဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေချနေထိုင်ကြပြီး၊ လူဦးရေ သုံးသိန်းကျော် ရှိတယ်လို့သိရပါတယ်။

ဒီအတောအတွင်း UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်ရာ မြို့နယ်လေးခုမှာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲကို ကျင်းပနိုင်တော့မှာ မဟုတ်ကြောင်း "၀"အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ ဥက္ကဌ ဦးညီပလုပ်က ပြောပါတယ်။

ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကလည်း ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ မက်မန်းနဲ့ ဟိုပန်မြို့တွေမှာသာ အခြေခံမဲဆန္ဒရှင်စာရင်းတွေကို ထုတ်ပြန်ထားနိုင်ပြီး ကျန် ၄ မြို့နယ်ဖြစ်တဲ့ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်း၊ နားဖန်းမြို့တွေမှာတော့ မဲစာရင်းမပြုစုနိုင်သေးဘူးလို့ ပြောပါတယ်။

"ဝ"အမျိုးသား စည်လုံးညီညွှတ်ရေးပါတီအနေနဲ့လည်း "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသထဲက ဟိုပန်နဲ့ မက်မန်းမြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်သလို ရှမ်းပြည်နယ်အရှေ့ပိုင်းက ကျိုင်းတုံနဲ့ မိုင်းဆတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တန့်ယန်း စတဲ့မြို့ နယ်တွေကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
လော်ဝေါ်ပါတီ ၂၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်  လော်ဝေါ်ပါတီ ၂၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် Reviewed by THITHTOOLWIN on 09:52 Rating: 5
Powered by Blogger.