အာဖဂန် လူအုပ်နဲ့ သတ်ဖြတ်မှု၊ သေဒဏ်တွေ လျှော့ပေး

ဖာကွန်ဒါဟာ မဟုတ်မမှန် စွပ်စွဲ ခံရပြီး လူအုပ်နဲ့ ဝိုင်းဝန်း သတ်ဖြတ်တာကို ခံခဲ့ရ။ 
အာဖဂန် နစ္စတန် နိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လက ကုရ်အန် ကျမ်းစာအုပ်ကို မီးရှို့တယ်လို့ မဟုတ်မမှန် စွပ်စွဲခံရပြီး လူအုပ်ရဲ့ ဝိုင်းဝန်း သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ အမျိုးသမီးလေး အမှုမှာ သေဒဏ် စီရင်ခံထားရတဲ့ လူ ၄ ဦးကို အယူခံ တရားရုံးက သေဒဏ်ကနေ လွှတ်ပေး လိုက်တဲ့အတွက် အမျိုးသမီးရေးရာ လှုပ်ရှားသူတွေက ဒေါသတကြီး ကန့်ကွက်ခဲ့ပါတယ်။

တရားသူကြီးတွေဟာ တံခါးပိတ် တွေ့ဆုံပြီး အခု ဆုံးဖြတ်ချက်ကို ချခဲ့တာလို့ အသတ်ခံရတဲ့ ဖာကွန်ဒါ ဆိုတဲ့ အမျိုးသမီးလေးရဲ့ မိသားစု ရှေ့နေက ပြောပါတယ်။

ဖာကွန်ဒါရဲ့ အစ်ကို ဖြစ်သူကလည်း ဒါဟာ လုံးဝ တရားမျှတမှု မရှိတဲ့ ဆုံးဖြတ်ချက်ပဲလို့ ပြောပါတယ်။

တရားသူကြီးကတော့ အခု ဆုံးဖြတ်ချက်ကို ထင်သာမြင်သာ ရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ဖာကွန်ဒါရဲ့ မိသားစု အနေနဲ့ တရားရုံးချုပ်ကို အယူခံ တင်နိုင်တယ်လို့ ပြောပါတယ်။

ဖာကွန်ဒါကို လူအုပ်ကြီးက ခဲတွေနဲ့ ဝိုင်းထုခဲ့ကြပြီး သူ့အလောင်းကို ကားနဲ့ တက်ကြိတ်ပြီး မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။

အခင်းဖြစ်ခဲ့ရာ အနီးက အစ္စလာမ္မစ် ဝတ်ကျောင်းရဲ့ အစောင့်ကိုလည်း တရားရုံးက တရားသေ လွှတ်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အာဖဂန် လူအုပ်နဲ့ သတ်ဖြတ်မှု၊ သေဒဏ်တွေ လျှော့ပေး  အာဖဂန် လူအုပ်နဲ့ သတ်ဖြတ်မှု၊ သေဒဏ်တွေ လျှော့ပေး Reviewed by သစ်ထူးလွင် on 22:06 Rating: 5
Powered by Blogger.