တရုတ်တွင် ကလေးငယ်တဦး ကျားကိုက်ခံရ၍ လက်မောင်းမှ ပြတ်ထွက်


 တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၊ ဘီဖန်းဂျော့ခ်ျ အမျိုးသားဥယျာဉ်ရှိ ကျားဖြူလှောင်အိမ်တွင်းသို့ ကလေးငယ်တဦး လက်ထည့်မိရာ ကျားကိုက်ခံရသဖြင့် လက်မောင်းမှ ပြတ်ထွက်သွားခဲ့သည်။

ပြီးခဲ့သည့် စနေနေ့ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တခုလုံးသည် စက္ကန့် ၃၀ ခန့်သာ ကြာခဲ့ပြီး ကျားကကိုက်လိုက်သဖြင့် လက်ပြတ်သွားသည့် ၂ နှစ်သားအရွယ် ကလေးငယ်၏ စူးနင့်စွာအော်ဟစ်သံကို ကြားရကြောင်း အနီးအပါးရှိ မျက်မြင်များက ပြောသည်။

တိရစ္ဆာန်ရုံဝန်ထမ်းများ ရောက်ရှိလာချိန်တွင် ကျား၏ပါးစပ်တွင် ကလေးငယ်၏ လက်မောင်းကို ကိုက်လျက်သားတွေ့ရှိရသည်ဟု People’s daily အွန်လိုင်းစာမျက်နှာတွင် သတင်းရေးသားထားသည်။

ထိုသို့ မဖြစ်ပွားမီက ကလေးငယ်သည် ကျားဖြူလှောင်အိမ်အနီး ဓါတ်ပုံရိုက်ခံခဲ့သေးသည်။ ကျားလှောင်အိမ် မှန်နံရံအောက်ရှိ လေထွက်ပေါက်မှ လက်ကို လျှိုထည့်၍ ကျားကို ခေါ်ခဲ့သည်ဟု ဆိုသည်။

“ကျနော်ရောက်လာတဲ့အချိန်မှာ ကျားဖြူကြီးရဲ့ပါးစပ်မှာ ကလေးရဲ့ ညာဘက်လက်မောင်းကို
ကိုက်လျက်သားဖြစ်နေတာကို တွေ့ရတယ်”ဟု တိရစ္ဆာန်ရုံဝန်ထမ်း လုဂျက်ရှန်း က ပြောသည်။


ကလေးငယ်အား မိသားစုဆွေမျိုးများက ဆေးရုံသို့ပို့တောင်ပေးခဲ့ပြီး လက်ရှိတွင် စိုးရိမ်စရာမရှိကြောင်း သိရသည်။ ၀မ်းနည်းစရာကောင်းသည်မှာ ကလေး၏ ပြတ်ထွက်သွားသော လက်မောင်ကို ကျားထံမှပြန်လည်မရယူနိုင်ခဲ့ခြင်းဖြစ်သည်။

“ဒီလိုဖြစ်ရပ်မျိုး ဘယ်သူမှ ကြုံချင်မှာ မဟုတ်ဘူး။ ဖြစ်သွားတဲ့ကိစ္စအတွက် ကျနော် သိပ်ကို စိတ်ထိခိုက်မိတယ်”ဟု ဘီဖန်းဂျော့ခ်ျအမျိုးသားဥယျာဉ်မှ CEO က ချန်ဂျီကွမ်းက ပြောသည်။ ကလေးငယ်၏ ဆေးကုသစရိတ်ကို အမျိုးသားဥယျာဉ်က ကျခံမည်ဖြစ်ကြောင်း၊ တိရစ္ဆာန်လှောင်အိမ် လုံခြုံစိတ်မှုရှိရေးအတွက် လိုအပ်သော စစ်ဆေးမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျားဖြူများအား ၎င်းလှောင်အိမ်တွင်းမှ ဖယ်ထုတ်ထားကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
တရုတ်တွင် ကလေးငယ်တဦး ကျားကိုက်ခံရ၍ လက်မောင်းမှ ပြတ်ထွက်  တရုတ်တွင် ကလေးငယ်တဦး ကျားကိုက်ခံရ၍ လက်မောင်းမှ ပြတ်ထွက် Reviewed by သစ်ထူးလွင် on 20:02 Rating: 5
Powered by Blogger.