ဒီကေဘီအေနှင့် အစိုးရ နှစ်ဖက်တိုက်ပွဲ ရပ်ဆိုင်းရန် ကရင်အမျိုးသား အကြိုညီလာခံက မေတ္တာရပ်ခံ


ဇူလိုင် ၃ရက်၊ ၂၀၁၅ခုနှစ်။

ကော့ကရိတ်-မြ၀တီဒေသ အာရှလမ်းမပေါ်တွင် အစိုးရတပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)တို့အကြား ဇူလိုင်လ ၂ရက်နေ့မှစ၍ ဖြစ်ပွားလျှက်ရှိသည့် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြေလျော့ရပ်ဆိုင်းရန် ရန်ကုန်တိုင်းဒေသကြီး၊ အင်စိန်မြို့နယ်၊ MCC ခမ်းမ၌ ဇူလိုင်လ ၂ရက်နေ့က စတင်ကျင်းပခဲ့သည့် ကရင်အမျိုးသား အကြိုညီလာခံက ယနေ့မေတ္တာရပ်ခံ လိုက်သည်။

ငြိမ်းချမ်းရေးကို ရှေ့ရှု၍ KUPC, ကရင်အမျိုးသားအကြိုညီလာခံ တက်ရောက်လာကြသော ကရင်အမျိုးသားခေါင်းဆောင်၊ ကိုယ် စားလှယ်များအနေဖြင့်လည်းကောင်း ဖြစ်ပွားနေသော ပစ်ခတ်တိုက်ခိုက်မှုကို ဖြေလျော့ရပ်ဆိုင်းပေးရန်အတွက် နှစ်ဦးနှစ်ဖက် တာဝန်ရှိ ခေါင်းဆောင်များအား ၎င်းအကြိုညီလာခံကြီးက အနူးအညွှတ် မေတ္တာရပ်ခံကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌနှင့် ဒီကေဘီအေ စစ်ဦးစီးချုပ်ထံသို့ မေတ္တာရပ်ခံစာ ဇူလိုင် ၃ရက် နေ့စွဲဖြင့် စာထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

KUPC နာယကဆရာတော် အရှင်စန္ဒာဝရက “ ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့ နှစ်ဖက်တာဝန်ရှိသူတွေ ပစ်ခတ်တိုက်ခိုက်မှုကို ရပ်ဆိုင်းပေးဖို့ ကရင်အမျိုးသား အကြိုညီလာခံကို အနယ်နယ်အရပ်ရပ်ကတက်ရောက်လာတဲ့ ကရင်ခေါင်းဆောင်တွေက အခုလို နှစ်ဖက်စလုံးကို မေတ္တာရပ်ခံလိုက်တာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

DKBA ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးစောမောင်လေး “စစ်ရပ်စဲဖို့ တောင်းဆိုမှုအတွက် ကျနော်တို့ ၀မ်းသာစွာ ကြိုဆိုပါတယ်။ ကျနော်သိ ရသလောက် အစိုးရတပ်ပိုင်းခေါင်းဆောင်ကို ကျနော်တို့ဘက်ကလည်း လုံခြုံရေးယူပေးနိုင်ပါတယ်။ အခုဖြစ်တာက အောက်ခြေ ပိုင်း ညှိနှိုင်းလို့ မရဘဲဖြစ်သွားတာပါ။ ဒီလိုညှိမရရင် နောက်တဆင့် ဆက်ညှိဖို့မလုပ်ဘဲ အခုလို ပစ်ခတ်တာက တိုက်ပွဲကို ပြန်လည်ဖြစ်လိုတာလား ကျနော်တို့ စဉ်းစားစရာဖြစ်လာပါတယ်”ဟု ဇူလိုင် ၃ ရက်နေ့ ဆက်လက်ပြုလုပ်နေသည့် ညီလာခံတွင် တင်ပြခဲ့သည်။

ဇူလိုင်လ ၂ရက်နေ့မနက်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲတွင် အစိုးရတပ်ဖက်က ၈၁-မမ ဟု ထင်ရသည့် လက် နက်ကြီးအလုံး တစ်ရာကျော်နှင့် ဇူလိုင်လ ၃ရက်နေ့တွင် ထပ်မံ၍ အလုံး ၆၀ကျော် ထပ်မံပစ်ခတ်ခဲ့သော်လည်း မိမိတို့အနေဖြင့် အေအာရ် ၇၉ဖြင့်သာ ပြန်လည် ပစ်ခတ်ကြောင်း ဗိုလ်မှူးစောမောင်လေးက ဖြည့်စွက်ပြောဆိုသည်။

ယနေ့ ညီလာခံတွင်ထုတ်ပြန်ခဲ့သည့် ယင်းမေတ္တာရပ်ခံစာတွင် ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမပေါ်တွင် ဇူလိုင် ၂ ရက်နေ့  နံနက်ပိုင်းတွင် နယ်မြေခံ DKBA နှင့် အစိုးရတပ်တို့ တိုက်ခိုက်ပစ်ခတ်မှုများဖြစ်ပွားနေသည်ကို ညီလာခံကကြားသိရပြီး၊ ညီလာခံကိုယ်စားလှယ်များအနေဖြင့် ငြိမ်းချမ်းရေးရှေ့ခရီးအတွက် များစွစိုးရိမ်ပူပန်သလို ငြိမ်းချမ်းရေးကို ရှေးရူသောအားဖြင့် နှစ်ဖက်ပစ်ခပ်တိုက်ခိုက်မှုများဖြေလျော့ရပ်ဆိုင်းပေးရန် အနူးညွန့် မေတ္တာရပ်ခံကြောင်းဖော်ပြထားသည်။

ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC)မှ စီစဉ်မှုဖြင့် ကရင်အမျိုးသားအကြို ညီလာခံကို ဇူလိုင် ၂ ရက်နေ့ မှ ၄ ရက်နေ့ ထိ ရန်ကုန်မြို့၊ MCC ခန်းမ၌ပြုလုပ်နေပြီး ညီလာခံသို့ ကရင်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်ရေးရာဝန်ကြီးများ၊ နယ်ပယ်စုံကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၀၀ ဦးကျော်တက်ရောက်နေကြောင်း အခမ်းအနားစီစဉ်သူများထံမှ သိရသည်။

 ကေအိုင်စီ - KIC News
http://kicnews.org

ဒီကေဘီအေနှင့် အစိုးရ နှစ်ဖက်တိုက်ပွဲ ရပ်ဆိုင်းရန် ကရင်အမျိုးသား အကြိုညီလာခံက မေတ္တာရပ်ခံ  ဒီကေဘီအေနှင့် အစိုးရ နှစ်ဖက်တိုက်ပွဲ ရပ်ဆိုင်းရန် ကရင်အမျိုးသား အကြိုညီလာခံက မေတ္တာရပ်ခံ Reviewed by သစ်ထူးလွင် on 17:33 Rating: 5
Powered by Blogger.