ယာဉ်နောက်လိုက်မောင်းနှင်သောကုန်တင်ယာဉ် အရှိန်လွန်ပြီး ဆိုင်ကယ်ပြင်ဆိုင်နှင့် နေအိမ်ကိုဝင်တိုက်မိရာမှ အိပ်ပျော်နေသူတစ်ဦးသေဆုံး


ရေတာရှည် ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာ၌ ဇူလိုင် ၂ဝ ရက် နံနက် ၅ နာရီခွဲခန့်က ယာဉ်မောင်းနှင်သူအိပ်ငိုက်ကာ လမ်းဘေးရှိ ဆိုင်ကယ်ပြင်ဆိုင်နှင့် လူနေအိမ်တို့အား ဝင်တိုက်မိပြီး ဆိုင်ကယ်ပြင်ဆိုင်ထဲ၌ အိပ်ပျော်နေသူနှစ်ဦးအနက် တစ်ဦးနေရာတွင်သေဆုံး၍ တစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွန်းကုန်းကျေးရွာတောင်ပိုင်း ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် ၁၈၃/၃ နှင့် ၄ အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကျွန်းကုန်းနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဂျော်နီသိန်းနှင့် အဖွဲ့ကသွား ရောက်စစ်ဆေးခဲ့ရာ ကားလမ်းအတိုင်း မြောက်မှတောင်သို့ မင်းမင်းသိန်း (၂၃နှစ်) (ယာဉ်နောက်လိုက်) မြင်စိုင်းရပ် ကျောက်ဆည်မြို့နေသူမောင်းနှင် ပြီး နောက်ခန်းတွင် အောင်သူရ(၃ဝနှစ်)၊ (ယာဉ်မောင်း) တံစိုးရပ် ကျောက် ဆည် မြို့နေသူလိုက်ပါလာသော ဘိလပ်မြေအိတ် ၆ဝဝ တင်ဆောင်လာသည့် ဒီဇယ် ၂၂ ဘီး ကုန်တင်ယာဉ်သည် အခင်းဖြစ်နေရာအရောက် ကားလမ်း၏အရှေ့ဘက်ရှိ သစ်ပင်အား ဝင်တိုက်ကာ ဆိုင်ကယ်ပြင်ဆိုင်နှင့် တောင်ဘက် ကပ်လျှက်ရှိ ဦးသိန်းဝင်း၏တစ်ထပ်တိုက် နေအိမ်ရှေ့ဝရန်တာနှင့်အုတ်နံရံကို ဝင်ရောက်တိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပြင်ဆိုင်အတွင်း အိပ်ပျော်နေသူ ဖိုးသင်္ကြန်(ခ)ဆန်းလှိုင်ထူး(၂၂နှစ်)၊ ကိုဂျူး(ခ)ဂျူးကိုကို(၁၈နှစ်)တို့ နှစ်ဦးနှင့် ဆိုင်ကယ်တစ်စီး၊ စက်ဘီးတစ်စီးတို့ကိုတိုက်မိခဲ့ပြီး ကိုဂျူး(ခ) ဂျူးကိုကို မှာနေရာတွင် သေဆုံးကာ ဖိုးသင်္ကြန်တွင် ဒဏ်ရာများရရှိသွားခဲ့သည်။ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ဦးကျော်လှိုင်က ''သေသွားတာက ကျွန်တော့် တူတော်တယ်။ ဖိုးသင်္ကြန်က ကျွန်တော့်သား၊ ကားကမောင်းလာတာ အရှိန်တော်တော်ပြင်းတယ်။ ဆိုင်ရှေ့မှာရှိတဲ့ ဗာဒံပင်ကိုအရင်ဝင်တိုက်တာပြီးမှ ဆိုင်ကိုအကုန်လုံးတိုက်ချသွားတယ် ''ဟု ပြောပြသည်။

အမှုနှင့်ပတ်သက်၍ ကျွန်းကုန်းနယ်မြေရဲစခန်းက အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်နောက်လိုက်မောင်းနှင်သောကုန်တင်ယာဉ် အရှိန်လွန်ပြီး ဆိုင်ကယ်ပြင်ဆိုင်နှင့် နေအိမ်ကိုဝင်တိုက်မိရာမှ အိပ်ပျော်နေသူတစ်ဦးသေဆုံး  ယာဉ်နောက်လိုက်မောင်းနှင်သောကုန်တင်ယာဉ် အရှိန်လွန်ပြီး ဆိုင်ကယ်ပြင်ဆိုင်နှင့် နေအိမ်ကိုဝင်တိုက်မိရာမှ အိပ်ပျော်နေသူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 05:13 Rating: 5
Powered by Blogger.