အမ်းရေကြီးမှု ၅ ဦးသေပြီး လူပေါင်း ၃ ထောင်ခန့် အရေးပေါ် အကူအညီလိုအပ်နေ


စစ်တွေ၊ ဇူလိုင် ၅

များမကြာသေးမီက ရခိုင်ပြည်နယ်ရှိမြို့နယ် အများအပြားတွင် ရေကြီးမှုများဖြစ်ပွားခဲ့ရာ အမ်းမြို့နယ် တစ်ခုတည်း၌ သေဆုံးသူ ၅ ဦးရှိခဲ့ကာ လူဦးရေ သုံးထောင်ခန့် အရေးပေါ် အကူအညီများလိုအပ်နေကြာင်း ရခိုင်အမျိုးသားပါတီ အမ်းမြို့နယ် အတွင်းရေးမှူး ၂ ဦးဇော်မင်းက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

သေဆုံးသူများမှာ မောင်မြင့်ထွေး (၁၈ နှစ်) ကျောင်းသား သရွဲရွာ၊ ကိုထူး (၁၆ နှစ်) ကိုးတန်းကျောင်းသား အောက်ရွာ၊ ဦးဝင်းနိုင် (၃၉ နှစ်) တိုက်မော်ကျေးရွာ၊ တပ်ကြပ်ကြီးအေးဝင်း (၃၉ နှစ်) အမြောက်တပ်ရင်း ၃၇၄၊ ဦးသိန်း (၆၀ နှစ်) နေပူတောင်တို့ဖြစ်ကြောင်း ဦးဇော်မင်းက အတည်ပြုပြောကြားသည်။

အမ်းမြို့နယ်တွင် ရေကြီးစဉ် အနည်းဆုံး ပေ ၁၅ ထိ ရေတက်ခဲ့ပြီး အောက်ရွာဝန်းကျင်တွင် ၂၂ ပေခွဲခန့် ရေတက်ခဲ့ကြောင်း ဦးဇော်မင်းကပြောသည်။

အမ်းမြို့နယ်ရှိ ရွာပေါင်း ၂၃ ရွာ၌ ကျေးရွာသား ၃၀၀၀ ခန့် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

အောက်ရွာတစ်ရွာတည်းတွင် ယခုထက်ထိ လူ ၅၀၀ ခန့် စားဝတ်နေရေးအခက်အခဲရှိနေသည်ဟု သူကပြောသည်။

ဇူလိုင်လ ၄ ရက်နေ့က ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမ်းမြို့နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်ဦးသိန်းဆွေသည် အောက်ရွာသို့ ရောက်ရှိလာခဲ့ပြီး ဆန် ၄ အိတ်၊ ဆီငါးဂါလံတစ်ဗူးနှင့် ကြက်သွန်နီ ၁၅ ပိဿာခန့် အကူအညီပေးခဲ့ပြီး၊ ရေကြီးမှုကြောင့် နေအိမ်ပျက်စီးသူများကို အစိုးရက ကျပ် ၂၅ သိန်းတန် အိမ်ဆောက်ပေးမည်ဟုလည်း ပြောသွားကြောင်း ဦးဇော်မင်းကပြောသည်။

“လူ ၅၀၀ အတွက် ဆန် ၄ အိတ်၊ ဆီ ၅ ဂါလံနဲ့ ကြက်သွန် ၁၅ ပိဿာနဲ့တော့ ဘယ်လိုမှ မလောက်ငှဘူးဗျ။ နောက်ပြီးတော့ အမ်းမြို့နယ်မှာ လူ ၅ ဦးသေဆုံးတာကို ၄ ဦးပဲ သေဆုံးတယ်လို့ပဲ ပြောသွားတယ်ဗျ” ဟု ၄င်းက ပြောသည်။

အပျက်အစီးများမှာ မြို့ပေါ်အမှတ် ၃ ရပ်ကွက်တွင် လုံးဝ ပျက်စီးသွားသည့် အိမ် ၁၇ ဆောင်၊ တစ်ဝက်တစ်ပျက် ၄၀ ဆောင်၊ ဒုက္ခရောက်နေသူ ၁၈၀ ဦး၊ အမှတ် ၄ ရပ်ကွက်တွင် လုံးဝပျက်စီးအိမ် ၅ ဆောင်၊ တစ်ဝက်တစ်ပျက် ၃၁ ဆောင်၊ ဒုက္ခရောက်နေသူ ၂၅၅ ဦး၊ လုံးကျေးရွာတွင် လုံးဝပျက်စီးအိမ် ၇ ဆောင်၊ တစ်ဝက်တစ်ပျက် ၅ဆောင်၊ ဒုက္ခရောက်နေသူ ၆၅ ဦး၊ စခန်းမော်ကျေးရွာတွင် လုံးဝပျက်စီးအိမ် ၂၇ ဆောင်၊ တစ်ဝက်တစ်ပျက် ၃ ဆောင်၊ ဒုက္ခရောက်နေသူ ၁၅၀ ဦး၊ အောက်ရွာကျေးရွာတွင် လုံးဝပျက်စီးအိမ် ၂ ဆောင်၊ တစ်ဝက်တစ်ပျက် ၄ ဆောင်ရှိပြီး လူ ၅၀၀ ခန့် အခက်အခဲ ဖြစ်နေကြောင်း အပျက်အစီးစာရင်းများကို ပြုစုကောက်ခံနေသူ ဦးဇော်မင်းကပြောသည်။

ထိုဒုက္ခရောက်နေသူများသည် နေထိုင်စရာမရှိသဖြင့် ၄င်းတို့နှင့် ရင်းနှီးသူများအိမ်တွင် နေထိုင်နေကြရသည်ဟု သိရသည်။

အိမ်ပျက်စီးသွားသူမိသားစုများသည် အိမ်ပြန်ဆောက်နိုင်ရေးကိုသာ လုံးပန်းထုတ်နေရသဖြင့် မိသားစုဝင်ငွေအတွက် အလုပ်မလုပ်နိုင်ပဲဖြစ်နေသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်သည် ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် ရေကြီး၍ ဒုက္ခရောက်နေကြသော အမ်း၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်များသို့ သွားရောက်မည်ဟု ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားတွင် ပြောကြားသွားသည်။

ရခိုင်ပြည်နယ် လူမှုရေး ၀န်ကြီး ဒေါက်တာ အောင်ကျော်မင်းကမူ ယခု ရေကြီးမှုမှာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ကြောင်း သံတွဲသို့ ရောက်ရှိနေစဉ် နိရဉ္စရာက မေးမြန်းရာ ထိုသို့ ဖြေကြားသွားခဲ့သည်။

စံမောင်သန်း
Narinjara
https://www.facebook.com/pages/Narinjara
အမ်းရေကြီးမှု ၅ ဦးသေပြီး လူပေါင်း ၃ ထောင်ခန့် အရေးပေါ် အကူအညီလိုအပ်နေ  အမ်းရေကြီးမှု ၅ ဦးသေပြီး လူပေါင်း ၃ ထောင်ခန့် အရေးပေါ် အကူအညီလိုအပ်နေ Reviewed by သစ်ထူးလွင် on 10:28 Rating: 5
Powered by Blogger.