ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကျယ်ပြန့်လာနေတဲ့ ပစ္စည်းအတုဈေးကွက်လျှို့ဝှက်ချက်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကြီးရောက်ရင် လမ်းတွေကိုလျှောက်ကြည့်မယ်။ လေအေးပေးစက်တပ်ထားတဲ့ အရောင်းခန်းမကြီးတွေကို ၀င်ကြည့်မယ်ဆိုရင် နာမည်ကြီး ရိုးလက်စ်နာရီတွေ၊ DVD တွေ၊ Gucci လို အပျံစား ဖက်ရှင် အထည်ဆန်းတွေနဲ့ အခြားကုန်ပစ္စည်းတွေ အလျှံပယ်ခင်းကျင်းပြသရောင်းချနေတာ တွေ့ရမယ်။ ဒီနေရာကို ဈေးဝယ်တွေ၊ နိုင်ငံခြားသား တိုးရစ်တွေ ကြိတ်ကြိတ်တိုး လာပြီး ဈေးဝယ်ကြ၊ လျှောက်ကြည့်ကြနဲ့ ဆိုတော့ ဈေးရောင်းတဲ့သူတွေကလည်း ကုန်ပစ္စည်းဈေးနှုန်းတွေကို အော်ဟစ် ရောင်းချနေကြတယ်။ ဒါပေမဲ့ နာမည်ကြီး ပစ္စည်းတွေဖြစ်လို့ ဈေးကြီးတယ်လို့ မထင်ပါနဲ့။ ဈေးတွေက အရမ်းချိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပစ္စည်းတွေဟာ အားလုံး အစစ်နဲ့ ဆင်တူရိုးမှားလိုက်လုပ်ထားတဲ့ အတုတွေ ဖြစ်နေလို့ပါပဲ။


အတုလုပ်ထားတဲ့ ပစ္စည်းတွေဟာ တရားမ၀င် ပစ္စည်း ဖြစ်ပါတယ်။ တိုးရစ်တွေအနေနဲ့ ဒီပစ္စည်း ၀ယ်သွားလို့ ကာစတန်က ဖမ်းမိရင် ဒဏ်ငွေအများကြီး အရိုက်ခံရပါလိမ့်မယ်။ ဒါပေမဲ့ အတုပစ္စည်းတွေကတော့ ရောင်းတဲ့ သူကလည်း ပေါ်ပေါ်ထင်ထင် ချရောင်းနေသလို ၀ယ်တဲ့သူကလည်း ၀ယ်နေကြတယ်။ ဒီပစ္စည်းအတုတွေ ဘယ်သူတွေက လုပ်ပြီး ဘယ်လိုသယ်လာကြသလဲ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ လက်နက်ကိုင် လူဆိုးဂိုဏ်းတွေ၊ ချမ်းသာကြွယ်ဝတဲ့ လုပ်ငန်းရှင်တွေ၊ လောဘကြီးတဲ့သွင်းကုန် သမားတွေသာမကဘူး။ အိမ်ရှင်မတွေ၊ စွန့် စားချင်တဲ့ ကျောင်းသားတွေကအစ ဒီလို တရားမ၀င်ပစ္စည်းရောင်းဝယ်တဲ့လုပ်ငန်းမှာ ပါဝင်နေကြပါတယ်။


ထိုင်းနိုင်ငံမှာ အခုလို နာမည်ကြီး ကုန်အမှတ်တံဆိပ်အတုတွေတပ်ပြီး လူသိ ရှင်ကြားပစ္စည်းတွေ ရောင်းချနေတာကြာပါပြီ။ ဥပဒေယိုပေါက်တွေ၊ စုံစမ်းစစ်ဆေးရင် ကုန်ကျစရိတ်များတာတွေနဲ့ အစစ်နဲ့ ခွဲမရအောင် လုပ်ထားတာတွေကြောင့် ကုန်ပစ္စည်းအတုဈေးကွက် တွင်ကျယ်နေတာ ဖြစ်ပါတယ်။
''ဟုတ်တယ်၊ ဒီပစ္စည်းဟာ အတုပါ။ အစစ်မဟုတ်ဘူး။ ကျွန်မက ဘာဖြစ်လို့ ရဲကိုကြောက်နေရမှာလဲ။ ကျွန်မ မူးယစ်ဆေးရောင်းနေတာ မဟုတ်ဘူး။ ဘိန်းဖြူရောင်းနေတာ မဟုတ်ဘူး။ ဘယ်သူ့ဆီကမှ ပစ္စည်းခိုးတာ မဟုတ်ဘူး''လို့ ပြောခဲ့သူကတော့ ဘန်ကောက်မြို့ ပရာတူနန်လက်လီဈေးက ထိုင်း သမီးပျိုလေးတယောက်ပါ။ သူမကတော့ Ferrari တံဆိပ်တပ်ထားတဲ့ ပိုလိုတီရှပ် (အတု)ကို လက်ညှိုးထိုးပြီး ပြောပြခဲ့တာပါ။
''ကျွန်တော်ကတော့ ရဲကို တလ ဘတ် ၃၀၀၀ (ဒေါ်လာ ၉၄၀) ပေးရတယ်။ တလတကြိမ် သို့မဟုတ် နှစ်လတကြိမ် ပေးရတယ်''လို့ အဲဒီဈေးမှာ နာမည်ကျော် ရိုးလက်စ်နဲ့ အခြားနာရီအတုမျိုးစုံရောင်းနေတဲ့ လူတယောက်က ပြောတယ်။ ဒီလို ပိုက်ဆံပေးထားတဲ့အတွက် ဖမ်းလား၊ ဆီးလားလုပ်ရင် ရှောင်တိမ်းဖို့ အချိန်ရတယ်'' လို့ သူကပြောပါတယ်။

ထိုင်းဈေးကွက်က ရိုးလက်နာရီအတုတွေဟာ အစစ်နဲ့ ခွဲမရ အောင်တူတယ်။ ဈေးနှုန်းကတော့ ဆယ်ဆလောက်ချိုပါတယ်။ ပက်ပုန်းလမ်းနားက တိုးရစ်တွေ အများဆုံးလာတဲ့ ညဈေးတန်းမှာ အဲဒီ ရိုးလက်နာရီအတုတွေကို ဒေါ်လာ ၁၀၀ နဲ့ ရောင်းနေပါတယ်။
''ရိုးလက်အစစ်က ဆွစ်ဇာလန်မှာ လုပ်တယ်။ အတုက ဂျပန်စက်တွေနဲ့ ထိုင်ဝမ်မှာ လုပ်တယ်''လို့ သူက ပြောပြတယ်။


အမှန်တော့ ဒီလို လူသုံးကုန်ပစ္စည်း အတုတွေဟာ ထိုင်းမှာလုပ်တာ မဟုတ်ပါဘူး။ တရုတ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ် စတဲ့နိုင်ငံတွေမှာလုပ်ပြီး ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကတဆင့် ဖြတ်သန်းပြီး ၀င်ရောက်လာတာလို့ ပြောပါတယ်။ အထူးသဖြင့် ပစ္စည်းအတု တော်တော်များများဟာ တရုတ်ပြည်မကြီးမှာ ထုတ်လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အချို့သောပစ္စည်းတွေဖြစ်တဲ့ ရှပ်အင်္ကျီ၊ ရှူးဖိနပ်စတဲ့ ပစ္စည်းတွေကိုတော့ ထိုင်းနိုင်ငံထဲမှာပဲ လုပ်ကြတယ်။ အတု ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကလည်း တချို့ပစ္စည်းတွေကို အရေးယူမှာ စိုးလို့ တိုင်းပြည်တွင်းမှာ မလုပ်ဘဲ ပြည်ပနဲ့ နယ်စပ်ဒေသတွေမှာ ထုတ်လုပ်လေ့ရှိပါတယ်။ ဒါကြောင့် အတုထုတ်လုပ်တဲ့ ပင်ရင်း လက်ကြီးသမားတွေကို ဖမ်းမိဖို့ မလွယ်ပါဘူး။

၂၀၁၃ ခုနှစ်တုန်းကတော့ ထိုင်းရဲ တပ်ဖွဲ့နဲ့ အကောက်ခွန်ဌာနက ဒေါ်လာ ၂ ဒသမ ၃ သန်းဖိုးရှိတဲ့ ကုန်ပစ္စည်းအတုတွေနဲ့ လူပေါင်း ၉၇၉၅ ဦးကို ဖမ်းဆီးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ လက်ရှိ စစ်အစိုးရလက်ထက်မှာတော့ ဒီလို အတုပြုလုပ်ရောင်းချတာတွေကို အလေးအနက်ထား အရေးယူဆောင်ရွက်တာ သိပ်မရှိဘူးလို့ ဘန်ကောက်ပို့စ်သတင်းစာက ရေးသားဖော်ပြဖူးပါတယ်။ အထူး သဖြင့် ထိုင်းမှာ ဆေးဝါးအတုတွေကို တကယ့်ဆေးအစစ်ဘူးတွေထဲထည့်ပြီး ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနေတယ်လို့လည်း ဖော်ပြခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံဟာ ပစ္စည်းတုတွေ ရောင်းချတဲ့ ဈေးကွက်ကြီးရှိပြီး ဥပဒေနဲ့ အရေးယူမှုတွေ လျော့နည်းနေတဲ့နိုင်ငံဖြစ်ကြောင်း အမေရိကန် အစိုးရ ကုန်သွယ်ရေး သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

ထွဋ်ဝင်းထွဋ်
Ref; CNN
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကျယ်ပြန့်လာနေတဲ့ ပစ္စည်းအတုဈေးကွက်လျှို့ဝှက်ချက်  ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကျယ်ပြန့်လာနေတဲ့ ပစ္စည်းအတုဈေးကွက်လျှို့ဝှက်ချက် Reviewed by သစ်ထူးလွင် on 19:59 Rating: 5
Powered by Blogger.