အဝါရောင်အဆင့် မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိ

ဇူလိုင် ၂၇ ရက် နံနက် ၀၆း၃၀ အချိန် မြင်တွေ့ရသော ဂြိုလ်တု တိမ်ပုံ (ဓာတ်ပုံ-မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)
    ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

    ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့သော်လည်း မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ဦးချစ်ကျော်က “မုန်တိုင်းက အဝါရောင် အဆင့်ရှိနေတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဘက်ကိုတော့ ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိပါဘူး ကျွန်တော်တို့ သတင်းလည်း တရားဝင် ထုတ်ပြန်ထားပါတယ်။ ဒီရက်ပိုင်း မိုးကတော့ ဆက်ပြီး ကောင်းနိုင်ပါတယ်’’ ဟု ဆင်ဟွာကို ပြောသည်။

လေဖိအားနည်း ရပ်ဝန်းသည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၏ တောင်-အရှေ့ဘက် မိုင် ၁၁၀ ခန့်၊ အိန္ဒိယနိုင်ငံ ကာလ်ကတ္တား မြို့၏ အရှေ့-အရှေ့ တောင်ဘက် မိုင် ၁၄၀ ခန့် ၊ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်မြောက်ဘက် မိုင် ၁၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အဆိုပါ မုန်တိုင်းငယ်သည် သိသိသာသာ ရွေ့လျားမှုမရှိပဲ ဆက်လက် တည်ရှိ နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးရွာပြီး၊ ဒေသအလိုက် နှင့် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်း တိုက်ခိုက်ခြင်း နှင့် ရုတ်တရက် ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ကြေညာ ချက်ထဲတွင် ပါရှိသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတလျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

မြန်မာ့ ကမ်းရိုးတန်း တလျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် ကြိုတင် သတိပြုသင့်ကြောင်း ဆိုသည်။

  (Xinhua)
http://www.xinhuamyanmar.com
အဝါရောင်အဆင့် မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိ  အဝါရောင်အဆင့် မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိ Reviewed by THITHTOOLWIN on 17:25 Rating: 5
Powered by Blogger.