အဲပုဂံမှလေယာဉ် ရန်ကုန်လေဆိပ်အဆင်း၌ ဘီးချော်မှုဖြစ် ခရီးသည်နှင့်လေယာဉ်အမှုထမ်းများ ထိခိုက်ဒဏ်ရာရမှုမရှိ


ရန်ကုန် ဇူလိုင် ၂၄

 အဲပုဂံလေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် W9-424 ၊ လေယာဉ်အမျိုးအစား ATR-72 ၊ လေယာဉ်အမှတ် XY-AIH လေယာဉ်သည် လေယာဉ်မှူး မျိုးမင်းအောင်အပါအဝင် လေယာဉ်အမှုထမ်းငါးဦး၊ လေယာဉ် လုံခြုံရေးနှစ်ဦး၊ ခရီးသည် ၄၅ ဦး၊ အဲပုဂံလေကြောင်းလိုင်းမှ လေယာဉ်မှူးနှစ်ဦးဖြင့် မန္တလေးလေဆိပ်မှ ထွက်ခွာခဲ့ပြီး ည ၇ နာရီခန့်တွင် Maker Board ပေ ၃ဝဝဝ အနီး၌ လေယာဉ်၏ ဘယ်ဘက်ဘီး စတင်ဘီးချော်၍ ပေ ၃၅ဝဝ ခန့်တွင် လေယာဉ်သည်ပြေးလမ်း ဘယ်ဘက်ခြမ်း မြက်ခင်းပေါ်သို့ လေယာဉ်ပြေးလမ်းအစပ်မှ ပေ ၂ဝဝ ခန့် ဆင်းသွားခဲ့ပြီး လေယာဉ်ရပ်တန့် သွားခဲ့သည်။

ခရီးသည်များအား လေယာဉ်အရေးပေါ်ထွက်ပေါက်မှ ဆင်းသက်ခဲ့ပြီး ခရီးသည်များအပါအဝင် လေယာဉ် အမှုထမ်းအားလုံး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။

အဆိုပါ ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများအား ည ၇ နာရီ မိနစ် ၄ဝ တွင် ပြည်တွင်းဆိုက်ရောက်ဆောင် သို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း၊ လေယာဉ်ကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် လေကြောင်း လိုင်း တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်လျက်ရှိသဖြင့် ရန်ကုန်လေဆိပ် လေယာဉ်ကွင်းကို ည ၈ နာရီ ၄၅ မိနစ်ထိ ခေတ္တကွင်းပိတ်ခဲ့ကြောင်း သိရသည်။

''ရာသီဥတုကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာ မိုးတွေလည်း ရွာနေတာကြောင့် ဘီးချော်သွားတယ်လို့ အကြမ်းဖျင်းသိရပါတယ်။ လေယာဉ်အပျက်အစီးဘာမှမဖြစ်ပါဘူး''ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးတင်အောင်နီက ပြောကြားသည်။

လေယာဉ်ဘီးချော်သည့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးသော်လည်း ရာသီဥတုကြောင့် ဘီးချော်သွားခြင်းသာဖြစ်နိုင်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြန်လည်ပြောကြား သည်။

သတင်း-ခင်ရတနာ
ဓာတ်ပုံ-ဦးဦးစနေ (FB)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အဲပုဂံမှလေယာဉ် ရန်ကုန်လေဆိပ်အဆင်း၌ ဘီးချော်မှုဖြစ် ခရီးသည်နှင့်လေယာဉ်အမှုထမ်းများ ထိခိုက်ဒဏ်ရာရမှုမရှိ   အဲပုဂံမှလေယာဉ် ရန်ကုန်လေဆိပ်အဆင်း၌ ဘီးချော်မှုဖြစ် ခရီးသည်နှင့်လေယာဉ်အမှုထမ်းများ ထိခိုက်ဒဏ်ရာရမှုမရှိ Reviewed by THITHTOOLWIN on 10:08 Rating: 5
Powered by Blogger.