ကော့သောင်းမြို့နယ် စောင်းကောက်ကျွန်း၌ ဘင်္ဂါလီလူမျိုးများ ထိန်းသိမ်းရမိ


 နေပြည်တော် ဇူလိုင် - ၁၃

 တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်းရှိ စောင်းကောက်ကျွန်း (ဒေသအခေါ် ဒယ်အိုးကျွန်း)၏ အနောက်မြောက်ဘက် ၂ မိုင်ခန့် အကွာတွင် ဇွန် ၃၀ ရက် ည ၁၀ နာရီခန့်တွင် ဘင်္ဂါလီလူမျိုး ၁ ဦးအား ဆယ်တင်ရရှိခဲ့ပြီး စစ်ဆေး မေးမြန်းချက်များအရ စောင်းကောက်ကျွန်းဟု ယူဆရသော ကျွန်းပေါ်တွင် ဘင်္ဂါလီလူမျိုးများ ရောက်ရှိနေကြောင်း သိရှိရသဖြင့် တပ်မတော်ရေမှ စစ်ရေယာဉ်များဖြင့် ဇူလိုင် ၂ ရက်မှ စတင်၍ စောင်းကောက်ကျွန်း ပတ်လည်ကမ်းခြေနှင့် အနီးပတ်ဝန်းကျင်ရှိ ကျွန်းများအား ရှင်းလင်းရှာဖွေခဲ့ရာ ရာသီဥတု ဆိုးရွားမှုနှင့်လှိုင်းများ ကြီးနေသဖြင့် ရှာဖွေရှင်းလင်းခြင်း လုပ်ငန်းများ ခေတ္တဆိုင်းငံ့ ခဲ့ရသည်။


ရှာဖွေရှင်းလင်းခြင်း လုပ်ငန်းအား ဇူလိုင် ၉ ရက်တွင် ဆက်လက်ဆောင်ရွက် ခဲ့ပြီး စောင်းကောက်ကျွန်း အတွင်းပိုင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ ဘင်္ဂါလီလူမျိုး အမျိုးသား ၄၅ ဦးအား ထိန်းသိမ်းရမိသည်။ ယင်းနောက် ဆက်လက်ရှာဖွေခဲ့ရာ ဇူလိုင် ၁၁ ရက်တွင် ဘင်္ဂါလီလူမျိုး အမျိုးသား ၄၉ ဦး အား လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် ဘင်္ဂါလီလူမျိုး အမျိုးသား ၈ ဦး အား လည်းကောင်း ထပ်မံ ထိန်းသိမ်း ရမိခဲ့သည်။

ထိန်းသိမ်းရမိသော ဘင်္ဂါလီလူမျိုးများအား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျပန်းနှင့်အလုပ်ကြမ်း လုပ်ကိုင်သူများဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီလူမျိုး ၃ ဦးက လစာကောင်းသည့် အလုပ်အကိုင်ရရှိမည်ဟု စည်းရုံးပြောဆို၍ လည်းကောင်း၊ မလိုက်လိုသူများအား တုတ်၊ဓား များဖြင့် ရိုက်နှက်ပြီး ခြိမ်းခြောက်၍လည်းကောင်း ခေါ်ဆောင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် မေလ ဆန်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အုန်းကျွန်းအနီးမှ လှေကြီး ၁ စီးဖြင့် ထွက်ခွာလာခဲ့ကြောင်း၊ လှေပေါ်တွင် လူမျိုးမသိလှေသား ၈ ဦးနှင့် သေနတ် ၂ လက်ပါရှိမှုကို တွေ့ရှိရကြောင်း၊ ဇွန်လဆန်းပိုင်းတွင် စောင်းကောက်ကျွန်းသို့ ရောက်ရှိခဲ့ပြီး ရောက်ရှိချိန်တွင် ပွဲစား ၂ ဦး ပါဝင်ကြောင်း၊ ရောက်ရှိပြီး ၁၀ ရက်ခန့် ကြာမြင့်ချိန်တွင် ၎င်းတို့နှင့်အတူ နေထိုင်လျက်ရှိသည့် ပွဲစား၂ ဦးက ကျွန်းပေါ်ရှိ လူများအား မလေးရှားနိုင်ငံသို့ ပို့ဆောင် ပေးနိုင်ရန် ဘင်္ဂလားဒေ့ရှ် ငွေ ဒါကာ ၂ သိန်းခွဲပေးရမည်ဟု ပြောကြားပြီး မိဘဆွေမျိုးများနှင့် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ တောင်းယူဆက်သွယ်ကာ ငွေမပေးပါက သတ်ပစ်မည့် ပုံစံမျိုး ဖြင့်ပြောကြား၍ တုတ်ဖြင့် ရိုက်သံများ တဖက်မှကြားစေရန် ပြုလုပ်ခဲ့ကြောင်း၊ တောင်းခံသောငွေများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပွဲစား ၁ ဦးက ငွေပေးမည့်သူများ၏ အိမ်များနှင့်ဆက်သွယ်၍ ငွေလက်ခံ ရရှိကြောင်း အကြောင်းပြန်ကြား မှသာ ကျွန်းပေါ်ရှိပွဲစား ၂ ဦးက မလေးရှားနိုင်ငံသို့ ဦးစားပေး ပို့ဆောင်မည့်အုပ်စုအဖြစ် သီးခြားခွဲထားရှိကြောင်း၊ ၁၀ ရက်တွင် ၁ ကြိမ်ခန့် လှေငယ်ဖြင့် ရိက္ခာများ လာရောက် ပို့ဆောင်လျက်ရှိပြီး ဦးစားပေး ပို့ဆောင်မည့်အုပ်စုမှ လူများကို ပြန်လည်သယ်ဆောင် သွားကြောင်း သိရှိရသည်။


စောင်းကောက်ကျွန်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျွန်းများအား တပ်မတော်က ဆက်လက် ရှင်းလင်းရှာဖွေလျက်ရှိပြီး ထိန်းသိမ်းရရှိသည့် ဘင်္ဂါလီ ၁၀၂ ဦးအား ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ကော့သောင်းမြို့နယ် စောင်းကောက်ကျွန်း၌ ဘင်္ဂါလီလူမျိုးများ ထိန်းသိမ်းရမိ   ကော့သောင်းမြို့နယ် စောင်းကောက်ကျွန်း၌ ဘင်္ဂါလီလူမျိုးများ ထိန်းသိမ်းရမိ Reviewed by သစ်ထူးလွင် on 21:05 Rating: 5
Powered by Blogger.