တရုတ် AIIB ဘဏ် လူ့အခွင့်အရေး လေးစားဖို့ ကုလတောင်းဆို


တရုတ်အစိုးရကဦးဆောင်ပြီး နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့စီမံကိန်းတွေဟာ လူ့အခွင့်အရေးအတွက် အပြည့်အဝ အာမခံမှုရှိပါ့မလားဆိုတာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ ဒေသခံတွေကို လုပ်အားခတန်ကြေးမပေးတာအပါအဝင် အဂတိ လိုက်စားနေတဲ့ အာဏာပိုင်တွေပေါင်းပြီး တရုတ်ကုမ္ပဏီတွေ အကျိုးအမြတ်ပိုရှိအောင် လုပ်ငန်းလည်ပတ်နေတာကြောင့် တရုတ်ကုမ္ပဏီရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေပေါ် စိုးရိမ်လာကြတာဖြစ်ပါတယ်။ VOA သတင်းထောက် Saibal Dasgupta ရဲ့ သတင်းလွှာကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

နိုင်ငံပေါင်း ၆ဝ နီးပါးပါဝင်တဲ့ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် AIIB ကို တရုတ်အစိုးရကဦးဆောင်ပြီး မကြာသေးမီက လက်မှတ်ရေးထိုး တည်ထောင်ခဲ့သလို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တောင်အာဖရိကနဲ့ တရုတ်နိုင်ငံတွေပါဝင်တဲ့ BRICS ဆိုတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တခုကိုလည်း တရုတ်တို့က တည်ထောင်ခဲ့တာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရုံး UNHCHR ကတော့ အဲဒီဘဏ်တွေရဲ့ ဘဏ္ဍာငွေသုံးစွဲမှုအပိုင်းနဲ့ လူ့အခွင့်အရေးပေါ် အကာကွယ်ပေးမှုအပိုင်း ဘယ်လိုရှိသလဲဆိုတာ စုံစမ်းလေ့လာနေဆဲမှာပဲ တရုတ်အစိုးရက အဲဒီဘဏ် အုပ်စုနှစ်ခုကို အောင်အောင်မြင်မြင်နဲ့ ထူထောင်လိုက်ပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်နဲ့ AIIB ဘဏ်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ်။
စီမံကိန်းတဝိုက် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စီမံကိန်းအတွက် ငွေကြေးသုံးစွဲမှုတွေမှာ ဥပဒေချိုးဖေါက်မှုတွေနဲ့ပတ်သက်လို တရုတ်ကုမ္ပဏီတွေက သိပ်ပြီးအလေးထားမှုမရှိဘူးဆိုတာ UNHCHR အဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။ အထူးသဖြင့် အာဖရိကမှာရင်းနှီးမြှုပ်နှံထားတဲ့ တရုတ် ကုမ္ပဏီက ချိုးဖေါက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ ကမ္ဘာ့ဘဏ်ထက်ကျော်လွန်ပြီး နိုင်ငံတကာမှာ ငွေအလုံးအရင်းနဲ့ ဝင်ရောက် ရင်းနှီးမြှုပ်နှံလာတာကြောင့် ကုလသမဂ္ဂအနေနဲ့ စိုးရိမ်မှု တိုးလာတာလည်းဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေက ဒေသခံတွေကို အကာကွယ်အပြည့်အဝ မပေးတာနဲ့ပတ်သက်လို့ HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကလည်း ဝေဖန်လိုက်ပါတယ်။HRW ရဲ့ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာ Sofie Richardson က ခုလိုထောက်ပြပါတယ်။

“သက်ဆိုင်ရာနိုင်ငံရဲ့ အလုပ်သမားခံစားခွင့် ဥပဒေအရ ဒေသခံတွေကို နေရာချထားပေးရမယ့် ကိစ္စတွေ၊ လျှော်ကြေးပေးရေးကိစ္စတွေမှာ ဒေသခံတွေကို ဘယ်လို အကာအကွယ်ပေးမလဲဆိုတဲ့အချက်ကိုစာချုပ်မှာ တရုတ်အစိုးရက ထည့်သွင်းရေးဆွဲထားတာမျိုး မရှိတာတွေ့ရပါတယ်။ ဒါမျိုးကို တရုတ် ကုမ္ပဏီတွေက နိုင်ငံရပ်ခြားမှာတင်လုပ်တာမျိုးမဟုတ်ဘဲ သူ့တရုတ်နိုင်ငံထဲမှာလည်း ကျူးလွန်နေတာပါ။”

အခုလို နိုင်ငံတကာရဲ့စိုးရိမ်မှု တိုးပွားလာတာနေတဲ့အပေါ် တရုတ်ကုမ္ပဏီတွေရဲ့ တုံ့ပြန်ချက်ရဖို့ဆိုတာကလည်း အတော်ကိုခက်ခဲ့တဲ့ အကြောင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေကျွမ်းကျင်သူ Juan Bohoslavsky က ဘေဂျင်းမြို့တော်မှာ တနင်္လာနေ့ကလုပ်တဲ့ သတင်းစာ ရှင်း လင်းပွဲအတွင်း ပြောသွားပါတယ်။

နိုင်ငံခြားမှာရင်းနှီးမြှုပ်တဲ့တရုတ်ကုမ္ပဏီတွေဟာ ဒေသခံတွေရဲ့ဆန့်ကျင်ဆန္ဒပြမှုကို ရင်ဆိုင်ရလေ့ရှိပါတယ်။ အဲဒီအထဲမှာ မြန်မာ၊ သီရိလင်္ကာ၊ ကင်ညာ စတဲ့နိုင်ငံတွေမှာရှိတဲ့ တရုတ်ကုမ္ပဏီတွေပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ကုမ္ပဏီတွေ အခွင့်အရေးချိုးဖေါက်နေတာနဲ့ပတ်သက်ပြီး HRW အဖွဲ့ကSofie Richardson က ခုလိုဝေဖန်ပြောဆိုပါတယ်။

“ဒေသခံ အာဏာပိုင်တွေကိုယ်၌ကလည်းဥပဒေကို လေးစားရကောင်းမှန်း မသိတဲ့အခါကျတော့ တရုတ်ကုမ္ပဏီတွေက ဥပဒေကို အလွယ်တကူချိုးဖေါက်ဖို့ ဖြစ်လာတာပါ။ ကုမ္ပဏီတွေဘက်က အလုပ်သမားဥပဒေကို ချိုးဖေါက်လာကြသလို လုပ်ခနည်းနည်းပဲပေးပြီး အလုပ်ကိုပိုလုပ်ခိုင်းတာမျိုးစတဲ့ ချိုးဖေါက်မှုတွေကို လုပ်နေကြတာ ရှိပါတယ်။”

တရုတ်ကုမ္ပဏီတွေဟာ သူတို့ လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေဖို့အတွက် ဒေသခံအာဏာပိုင်တွေကို လာဘ်ထိုးတာမျိုးရှိကြောင်း ဒီလိုအဖြစ်အပျက် တွေ မြန်မာနိုင်ငံမှာလည်းရှိကြောင်း Sofie Richardson ကပြောဆိုပါတယ်။ ဒေသခံတွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုကို လျှစ်လျှူရှုမထားဘဲ အလေးထား စဉ်းစားသင့်ပြီး ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေး ဖြေရှင်းသင့်တယ်လို့ UNHCHR အဖွဲ့က အကြံပြုထားပါတယ်။ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေဟာ လူအဖွဲ့အစည်းအတွင်း တင်းမာမှုတိုးပွားစေသလို နောက်ဆက်တွဲ ပဋိပက္ခတွေကိုပါ ဆက်ဖြစ်စေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာပါ။တရုတ်ကုမ္ပဏီတွေကြောင့်ဖြစ်လာရတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေထဲမှာ ဒေသခံတွေကို မိမိနေရပ်ရင်းကနေအဓမ္မပြောင်းရွှေ့ခိုင်းတာ၊ ဥပဒေမဲ့ ဖမ်းဆီးတာအပါအဝင် လွတ်လပ်စွာအသက်ရှင်နိုင်တဲ့ အခွင့်အရေးတွေကိုပါ ချိုးဖေါက်နေတာတွေ ရှိလာတယ်လို့ ကုလသမဂ္ဂဘက်က သုံးသပ်နေပါတယ်။

တရုတ်နိုင်ငံမှာ အခြေစိုက်တဲ့ AIIB ဘဏ်နဲ့ BRICS ဘဏ်တို့ဟာ အခြားဖွံ့ဖြိုးရေးဘဏ်တွေ ကျူးလွန်ခဲ့ပြီးသားအမှားမျိုးကို ထပ်ပြီးမကျူးလွန်မိစေဖို့ လိုတယ်လို့ ကုလသမဂ္ဂဘက်က ထောက်ပြနေပါတယ်။ AIIB ဘဏ်အုပ်စုဟာ ဒေါ်လာဘီလျံ (၁ဝဝ) ရင်းနှီးမြှုပ်နှံငွေ မ,တည်သွားမှာဖြစ်ပြီးအဲဒီ အုပ်စုထဲမှာ ပါတဲ့ မြန်မာနိုင်ငံကလည်း ဒေါ်လာ (၂၆၄) သန်း ထည့်ဝင်သွားဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီးဖြစ်ပါတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတွေ၊ ဖွဲ့စည်းပုံအားနည်းတဲ့အစိုးရတွေ ရှင်သန်နေတဲ့နိုင်ငံတွေမှာ တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေက စီမံကိန်းကြီးတွေ သွားရောက် ရင်းနှီးမြှုပ်နှံနေတာနဲ့အမျှ သူတို့တွေဟာ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းသတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင်ကြရဲ့လားဆိုတာကို ပိုပြီး စောင့်ကြည့်မှုတွေ တိုးလာနေပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
တရုတ် AIIB ဘဏ် လူ့အခွင့်အရေး လေးစားဖို့ ကုလတောင်းဆို တရုတ် AIIB ဘဏ် လူ့အခွင့်အရေး လေးစားဖို့ ကုလတောင်းဆို Reviewed by သစ်ထူးလွင် on 09:18 Rating: 5
Powered by Blogger.