မားစ်ရောဂါ ထိန်းချုပ်နိုင်ရေး WHO ကျွမ်းကျင်သူများနှင့် တောင်ကိုရီးယား ဆွေးနွေး

ဓာတ်ပုံ - ရိုက်တာ

မားစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ လက်ရှိအခြေအနေကို သုံးသပ်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျွမ်းကျင်သူတွေဟာ တောင်ကိုရီးယားက ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြို့တော် ဆိုးလ်ကို ရောက်ရှိနေပါတယ်။

အဆိုပါအဖွဲ့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ကီဂျီ ဖူကူဒါက ဦးဆောင်ပြီး ချွန်ဂျူးမြို့မှာရှိတဲ့ တောင်ကိုရီးယား ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနမှာ တွေ့ဆုံ ဆွေးနွေးပါတယ်။

“နိုင်ငံတကာ ကျွမ်းကျင်သူတွေရဲ့ အခန်းကဏ္ဍကတော့ ဗိုင်းရပ်စ်က ဘယ်လိုပုံစံနဲ့ ရှိနေသလဲဆိုတာ လေ့လာဖို့၊ အစိုးရနဲ့ အနီးကပ် ပူးပေါင်းပြီးတော့ အမြန်ဆုံး ထိန်းချုပ်နိုင်အောင် ကြိုးစားသွားဖို့ပါပဲ။ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ဒီလိုကူးစက်မှု ဖြစ်လာရင်၊ ဗိုင်းရပ်စ်အသစ် ပေါ်လာရင် ထိန်းချုပ်ဖို့ ခက်ခဲတတ်ပါတယ်။ တောင်ကိုရီးယားအစိုးရက ဒီအခြေအနေကို ခိုင်ခိုင်မာမာ ရင်ဆိုင်နေတာကိုလည်း ချီးကျူးပါတယ်။” လို့ ကီဂျီ ဖူကူဒါက ပြောပါတယ်။

မားစ်ရောဂါနဲ့ သေဆုံးသူ ၇ ယောက်ရှိပြီး ကူးစက်သူ ၉၅ ယောက်အထိ ရှိသွားပြီလို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ တောင်ကိုရီးယားဟာ အရှေ့အလယ်ပိုင်းက ဆော်ဒီအာရေဗျပြီးရင် မားစ်ရောဂါကူးစက်မှု အခြေအနေ အဆိုးဆုံးနိုင်ငံ ဖြစ်နေပါတယ်။

တောင်ကိုရီးယားမှာ မားစ်ရောဂါကို မေ ၂၀ ရက်နေ့က အတည်ပြုနိုင်ခဲ့ပြီး ပြည်သူတွေကြားမှာ စိုးရိမ်မှု မြင့်တက်နေတာကြောင့် ကျောင်းပေါင်း ၂၅၀၀ လောက် ပိတ်ထားပါတယ်။

ကမ္ဘာလှည့်ခရီးသွား ထောင်ပေါင်းများစွာလည်း တောင်ကိုရီးယား ခရီးစဉ်တွေကို ဖျက်သိမ်းထားကြပါတယ်။

မားစ်ရောဂါ လူမှာကူးစက်တာကို ၂၀၁၂ ခုနှစ်မှာ အတည်ပြုနိုင်ခဲ့ပြီး ဆားစ်ရောဂါနဲ့ အမျိုးတူတဲ့အပြင် လူ ၁၀၀ ကူးစက်ခံရရင် ၃၈ ယောက်အထိ သေဆုံးနိုင်တယ်လို့ WHO က ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
မားစ်ရောဂါ ထိန်းချုပ်နိုင်ရေး WHO ကျွမ်းကျင်သူများနှင့် တောင်ကိုရီးယား ဆွေးနွေး  မားစ်ရောဂါ ထိန်းချုပ်နိုင်ရေး WHO ကျွမ်းကျင်သူများနှင့် တောင်ကိုရီးယား ဆွေးနွေး Reviewed by သစ်ထူးလွင် on 21:16 Rating: 5
Powered by Blogger.