U-23 ဗိုလ်လုပွဲ ၃ ဂိုး-ဂိုးမရှိနဲ့ မြန်မာအသင်းအရေးနိမ့်


စင်္ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ ၂၈ ကြိမ်မြောက် အသက် ၂၃ နှစ်အောက် U23 ဆီးဂိမ်း ဘောလုံး နောက်ဆုံး ဗိုလ်လုပွဲမှာ ထိုင်းအသင်းက မြန်မာအသင်းအား ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာကြောင့် မြန်မာအသင်း ဟာ ဒုတိယနေရာနဲ့ ငွေတံဆိပ်ရရှိသွားပါတယ်။

ပထမပိုင်းမှာ ဘယ်အသင်းကမှ ဂိုးမရဘဲ အကြိတ်အနယ်ကစားခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီးတဲ့နောက် ပွဲချိန် ၅၄ မိနစ်မှာ ထိုင်းအသင်းက ကစားသမား Tanaboon Kesarat က ပထမဂိုးကို သွင်း လိုက်တာပါ။ အဲဒီနောက် ၆၃ မိနစ်ကျော်မှာ ထိုင်းဘက်က ဒုတိယဂိုးကို Chananan Phombubpa က ထပ်သွင်းသွားပါတယ်။

ထိုင်းအသင်းက မြန်မာအသင်းကို တလျှောက်လုံးဖိကစားနေခဲ့ပြီး ထိုင်းဘက်ကသွင်းတဲ့ ဂိုးအတော်များများကို မြန်မာဂိုးသမား ကျော်ဇင်ဖြိုးက ကာပေးနိုင်ခဲ့တာတွေ့ရပါတယ်။ နောက်ဆုံးဂိုးကို ထိုင်းအသင်းက ၇၈ မိနစ်မှာ သွင်းယူခဲ့နိုင်တာမို့ ဗိုလ်လုပွဲမှာ ထိုင်းက ရွှေ မြန်မာက ငွေနဲ့ Indonesia ကို အနိုင်ကန်ခဲ့တဲ့ Vietnam က ကြေးတံဆိပ် အသီးသီးရရှိသွားကြပါတယ်။

မြန်မာအသင်းဟာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ၁၉၆၅ က ထိုင်းနဲ့ ပူးတွဲရွှေတံဆိပ် ၁ ကြိမ် ရခဲ့ဖူးပြီး ၁၉၆၅ ကနေ ၇၃ ခုနှစ်အထိ ၅ ကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့ဖူးပါတယ်။ ထိုင်းကတော့ မြန်မာနဲ့ပူးတွဲတကြိမ် ဗိုလ်စွဲခဲ့တာအပါဝင် အခုအကြိမ် ဗိုလ်စွဲထားပါတယ်။

၁၉၉၃ ခုနှစ် ၁၇ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းဖိုင်နယ် ပြိုင်ပွဲမှာ ထိုင်းက မြန်မာကို ၄ ဂိုး ၃ ဂိုး နဲ့နိုင်ခဲ့ပြီး ၁၉၉၃ ကနေ ၂၀၀၇ အထိ ၈ ကြိမ်ဆက်တိုက် ထိုင်းက ဗိုလ်စွဲခဲ့သလို ၂၀၁၃ မှာလည်း ရွှေတံဆိပ်ရထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
U-23 ဗိုလ်လုပွဲ ၃ ဂိုး-ဂိုးမရှိနဲ့ မြန်မာအသင်းအရေးနိမ့် U-23 ဗိုလ်လုပွဲ ၃ ဂိုး-ဂိုးမရှိနဲ့ မြန်မာအသင်းအရေးနိမ့် Reviewed by သစ်ထူးလွင် on 22:57 Rating: 5
Powered by Blogger.