ရွေးကောက်ပွဲ ကော်မရှင်ကို NLD အိပ်ဖွင့်ပေးစာပို့


၂၀၁၅ ရွေးကောက်ပွဲအတွက် ကော်မရှင်က လောလောဆယ် ထုတ်ပြန်တဲ့ အခြေခံ မဲဆန္ဒရှင် စာရင်းတွေမှာ ခန့်မှန်းခြေ ၃၀% ကနေ ၈၀% အထိ မှားယွင်း နေတယ်ဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ရွေးကောက်ပွဲ ကော်မရှင်ကို အိတ်ဖွင့်စာပေးပို့ခဲ့သလို ကော်မရှင်နဲ့လည်း တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

ရန်ကုန်တိုင်းထဲက မြို့နယ်ပေါင်း ၂၄ မြို့နယ်နဲ့ နေပြည်တော် ၈ မြို့နယ်တွေမှာ ထုတ်ပြန်တဲ့ အခြေခံ မဲဆန္ဒရှင် စာရင်းတွေမှာ မမှားသင့်တဲ့ အမှားတွေနဲ့ ဥပဒေနဲ့ မညီတာတွေ ပါဝင်တယ်လို့ NLD က ဖော်ပြပါတယ်။

ဒါ့အပြင် ကျူးကျော်နေသူတွေနဲ့ အိမ်ပိုင် မရှိသူတွေဟာ အိမ်ထောင်စုဇယား မရှိတဲ့ အတွက် မဲပေးပိုင်ခွင့်နဲ့ ရွေးကောက်ခံပိုင်ခွင့် ဆုံးရှုံးနေရတယ် ဆိုပြီးတော့လည်း ဖော်ပြပါတယ်။ မဲစာရင်းမှားယွင်းမှုတွေ နဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက အမှားအယွင်း ရာခိုင်နှုန်းများကြောင်း၊ လူနာမည်နဲ့ မွေးသက္ကရာဇ် ပါပေမယ့် မှတ်ပုံတင်မရှိကြောင်း၊ မှတ်ပုံတင် မရှိရင် မဲပေးလို့ မရနိုင်ဘဲ မဲစာရင်းထဲ ပါနေတဲ့အကြောင်း ပြောပါတယ်။

NLD ကထောက်ပြတဲ့ မှားယွင်းမှုတွေနဲ့ ပတ်သက်လို့ ဘယ်လို ပြင်ဆင်နိုင်မလဲ ဆိုတာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးလှမောင်ချို ကတော့ ဒါတွေဟာ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေနဲ့ သက်ဆိုင်ပြီး မဲဆန္ဒရှင် စာရင်း မှားယွင်းမှုတွေနဲ့ ပတ်သက်လို့တော့ မဲစာရင်း ထုတ်ပြန်တဲ့ ရက်ကနေ ၁၄ ရက် အတွင်း ကော်မရှင်ကို တင်ပြပြီး ပြင်ဆင်နိုင်တယ်လို့ ပြောပါတယ်။

ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီအနေနဲ့ မြို့နယ် ကျေးရွာတွေမှာ ပြည်ခိုင်ဖြိုးရွာ၊ ပြည်ခိုင်ဖြိုးမြို့ ဆိုပြီး ဆိုင်းဘုတ် တင်တာတွေကို ရွေးကောက်ပွဲ ကော်မရှင်က ကြီးကြပ်ဆောင်ရွက်ပေးဖို့ လိုတယ်ဆိုပြီး NLD ရဲ့ အိတ်ဖွင့်ပေးစာပါ အချက်အလက် နဲ့ ပတ်သက်လို့ ကော်မရှင်ဘက်ကတော့ ဒါဟာ သူတို့နဲ့ မသက်ဆိုင်တဲ့အတွက် တာဝန်ရှိတဲ့ မြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကပဲ ဆောင်ရွက်နိုင်တယ်လို့ ဦးလှမောင်ချိုက ပြောပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ NLD နဲ့ ကော်မရှင် တွေ့ဆုံတဲ့ အခါမှာတော့ မြို့နယ်ရပ်ကွက်တွေမှာ ကပ်ထားတဲ့ မဲဆန္ဒရှင် စာရင်းကို အလွယ်တကူ ကြည့်ရှုခွင့်မရဘူးဆိုတဲ့ အချက်တွေကို ကော်မရှင်ဘက်က ပြင်ဆင်ဆောင်ရွက် ပေးမယ်ဆိုတဲ့ သဘောတူညီချက် ရခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ရွေးကောက်ပွဲ ကော်မရှင်ကို NLD အိပ်ဖွင့်ပေးစာပို့  ရွေးကောက်ပွဲ ကော်မရှင်ကို NLD အိပ်ဖွင့်ပေးစာပို့ Reviewed by သစ်ထူးလွင် on 13:32 Rating: 5
Powered by Blogger.