MERS ရောဂါကြောင့် တောင်ကိုရီယားတွင် မူလတန်းကျောင်း ၂၀၀ ကျော် ယာယီပိတ်ထား


တောင်ကိုရီးယားနိုင်ငံတွင် MERS ရောဂါကူးစက်မှုအန္တရာယ် စိုးရိမ်ရသည့်အတွက် မူလတန်းကျောင်း ၂၀၀ ကျော်ကို ယာယီပိတ်လိုက်ပြီး လူအများစုဝေးမည့် ပွဲလမ်းသဘင်အချို့ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ ယင်းအပြင် MERS ရောဂါ ကူးစက်ခံရသူဟု သံသယရှိရသူ ၁၃၀၀ ဦးကိုလည်း အဆင့်သတ်မှတ်ချက် အမျိုးမျိုးဖြင့် သီးခြားထားရှိထားကြောင်း သိရှိရသည်။ အရှေ့အလယ်ပိုင်းတွင်စတင်ဖြစ်ပွားခဲ့သော MERS ရောဂါ တောင်ကိုရီယားနိုင်ငံတွင်း ကူးစက်ပျံ့ပွားမှု ပိုမိုဆိုးရွားလာကြောင်း ကျန်းမားရေးဝန်ကြီးဌာန အရာရှိများက အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။

ယနေ့ ဗုဒ္ဓဟူးနေ့တွင် ၅ ဦးထပ်မံကူးစက်ခံရပြီး ၂ ဦးသေဆုံးခဲ့၍ ယခုအချိန်အထိ စုစုပေါင်း လူ ၃၀ ဦး ကူးစက်ခံထားရကြောင်း သိရသည်။ MERS ရောဂါသည် ၂၀၁၂ ခုနှစ်က အာရေးဘီးယားကျွန်းဆွယ်ဒေသတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုတောင်ကိုရီယားတွင်ဖြစ်ပွားနေသော ကူးစက်မှုသည် အဆိုပါဒေသပြင်ပ၌ အကြီးမားဆုံး ကူးစက်ပျံ့ပွားမှုဖြစ်သည်။ MERS ရောဂါလက္ခဏာများမှာ သာမန်အအေးမိရောဂါနှင့် ဆင်တူပြီး နာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူဖျားနာခြင်းများ ဖြစ်သည်။

တောင်ကိုရီယားတွင် ဖြစ်ပွားနေသောအခြေအနေများနှင့် ရောဂါကူးစက်ပျံ့ပွားမှု လျင်မြန်ခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးဝန်ကျင်တွင်လည်း စိုရိမ်ပူပန်မှုများ ရှိနေသည်။ အခြားနိုင်ငံများတွင်လည်း ပြည်ပမှပြန်ဝင်လာသည့် MERS ကူးစက်ခံဝေဒနာရှင်များရှိကြောင်း သတင်းများရှိခဲ့သော်လည်း ပျံ့ပွားမှုအခြေအနေမှာ စိုးရိမ်ဖွယ်ရာ မတွေ့ခဲ့ရချေ။

တောင်ကိုရီးယားနိုင်ငံတွင် MERS ရောဂါ ပထမဆုံးကူးစက်ခံရမှုသတင်း မေ ၂၀ ရက်နေ့က ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယင်းမှာ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ၁၆ ရက်ကြာ သွားရောက်လည်ပတ်ခဲ့သည့် ၆၈ နှစ်အရွယ် အမျိုးသားတဦးမှ စတင်ခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီယားသို့ ပြန်လာစဉ်က ၎င်းအမျိုးသားထံတွင် မည်သည့်ရောဂါလက္ခဏာမှ မတွေ့ရခဲ့ဘဲ နောင်တွင်မှ ဆေးခန်း ၂ ခုနှင့် ဆေးရုံ ၂ ခုတို့တွင် ကုသမှုခံယူခဲ့ရာ ရောဂါပျံ့ပွားမှု အလွယ်တကူ ဖြစ်ပွားစေရန် အခွင့်အလမ်းများ ဖြစ်ခဲ့သည်။

အခြား ကူးစက်ခံရသူများမှာ မိသားစုဝင်များ၊ ၎င်းအမျိုးသားကို ပြုစုကုသမှုပေးခဲ့သည့် ကျန်းမာရေးလုပ်သားများ၊ အခြား လူနာများဖြစ်ကြသည်။ ကမ္ဘာ့ကျန်းမာရေအဖွဲ့ WHO ကလည်း ကူးစက်ခံရသူအချို့မှာ အဆိုပါအမျိုးသားနှင့် တခန်းတည်း(သို့)တဆောင်တည်းတွင် ကုသမှုခံယူခဲ့ကြသူများဖြစ်ကြောင်း အတည်ပြုပြောသည်။

လက်ရှိတွင် MERS ရောဂါကူးစက်မှုများဖြစ်ပွားခဲ့သည့် ဂွန်ဂူးခရိုင်တွင်းရှိ မူလတန်းကျောင်း အများစုကို ယာယီပိတ်ထားသည်။

ရည်ညွှန်း - ၀ါရှင်တန်ပို့စ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
MERS ရောဂါကြောင့် တောင်ကိုရီယားတွင် မူလတန်းကျောင်း ၂၀၀ ကျော် ယာယီပိတ်ထား MERS ရောဂါကြောင့် တောင်ကိုရီယားတွင် မူလတန်းကျောင်း ၂၀၀ ကျော် ယာယီပိတ်ထား Reviewed by သစ်ထူးလွင် on 21:51 Rating: 5
Powered by Blogger.