ဂျပန် bullet train ပေါ်မှာ သေကြောင်းကြံမီးရှို့မှုကြောင့် လူ ၂ ဦးသေဆုံး


ဂျပန်နိုင်ငံ Shinkansen bullet train အမြန်ရထားတစီးပေါ်မှာ မိမိကိုယ်ကို မီးတင်ရှို့ခဲ့သူ အမျိုးသားတဦးနဲ့ နောက်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း NHK သတင်းဌာနက ပြောပါတယ်။

မိမိကိုယ်ကို မီးရှို့ခဲ့သူ အမျိုးသားဟာ ရထားရဲ့ ပထမဆုံးတွဲပေါ်မှာ သူ့ကိုယ်သူ လောင်စာဆီလောင်းခဲ့တာလို့ ဂျပန် ရထားဌာနက ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

လူပေါင်း ၁၀၀၀ လောက်ပါတဲ့ အဆိုပါ ရထားဟာ တိုကျိုမြို့ကနေ အိုဆာကာ မြို့ကို သွားနေတာဖြစ်ပြီး ဒေသအချိန် မနက် ၁၁ နာရီခွဲခန့် အိုဒါဝါယာ မြို့အနီးအရောက်မှာ အခင်းဖြစ်ပွားပြီး အရေးပေါ် ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။ ဂျပန် ရုပ်မြင်သံကြားမှာတော့ ရပ်ထားတဲ့ ရထားတွဲအတွင်း မီးခိုးငွေ့တွေ ပြည့်နေတာကို ပြသခဲ့ပါတယ်။


အနည်းဆုံး လူ ၆ ယောက်လောက် ဒဏ်ရာရရှိသွားပြီး တိုကျို- အိုဆာကာ ပြေး bullet ရထား အားလုံးကို ရပ်နားခဲ့ရတယ်လို့ မီးသတ်ဝန်ထမ်းတွေက ပြောပါတယ်။

ဂျပန်အာဏာပိုင်တွေက အဆိုပါ မီးရှို့အဆုံးစီရင်သူနဲ့ပတ်သက်ပြီး တစုံတရာပြောဆိုခြင်း မရှိပေမယ့် ကိုယ့်ကိုယ်ကို သတ်သေမှုလို့ ယူဆထားကြပါတယ်။

ဂျပန် bullet train တွေဟာ တစ်နာရီကို ၁၉၅ မိုင်နှုန်းအထိ မြန်ပြီး အန္တာရယ်ကင်း စိတ်ချရတဲ့အတွက် ကမ္ဘာမှာ နာမည်ကြီးပြီး ရထားစတင်ဆွဲခဲ့ချိန်ကစပြီး နှစ် ၅၀ ကျော်ကာလအတွင်း အသေအပျောက် မှတ်တမ်းတခုမှ မရှိခဲ့ဘူးလို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဂျပန် bullet train ပေါ်မှာ သေကြောင်းကြံမီးရှို့မှုကြောင့် လူ ၂ ဦးသေဆုံး ဂျပန် bullet train ပေါ်မှာ သေကြောင်းကြံမီးရှို့မှုကြောင့် လူ ၂ ဦးသေဆုံး Reviewed by သစ်ထူးလွင် on 18:45 Rating: 5
Powered by Blogger.