ယာမြေကြောင့် မိမိကိုယ်ကိုမီးရှို့သူ၏ မိသားစု တပ်ပိုင်မြေကျူးကျော်မှုဟုဆိုကာ ထပ်မံတရားစွဲခံရ

ဓါတ်ပုံ- မေလ ၂၂ ရက်နေ့က ကွယ်လွန်သွားသော ဦးမြင့်အောင်
ဂျွန်လ ၁ ရက်၂၀၁၅

မြေသိမ်းခံရမှုကြောင့် မိမိကိုယ်ကိုဓါတ်ဆီလောင်း မီးရှို့ဆန္ဒပြကာသေ ဆုံးသွားသူ ဦးမြင့်အောင်၏ မိသားစုဝင်များအား မိမိပိုင်မြေယာတွင် စိုက်ပျိုးရေးလုပ်ကိုင်နေပါလျှက် အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် ရ.ပ.ခ ပိုင်စိုက်ခင်းကျူးကျော်မှုဆိုကာ ဗိုလ်မှူးကြီး ၀င်းထွန်းအောင်က ရွှေညောင်ရဲ စခန်း တွင် အမှုဖွင့် တိုင်တန်းထားသည်ဟုသိရသည် ။

ရပခ တိုင်းရုံးစိုက်ခင်းအဖြစ် သိမ်းပိုက်ခံရသည့် မိမိဘိုးဘွားပိုင်ယာမြေအား အာဏာပိုင်ဘက်မှ ပြန်မပေးသဖြင့် မိမိကိုယ်မိမိ ဓါတ်ဆီလောင်းမီးရှို့ ဆန္ဒပြကာ သေဆုံးသွားသူ ဦးမြင့်အောင်၏ တူမ ဒေါ်မော်မော် ဦးနှင့် ဒေါ် စန်းမြင့်တို့သည် အသိမ်းခံရ မိမိတို့မြေတွင် ဆက်လက် စိုက်ပျိုးနေသည့် အပေါ် ဗိုလ်မှူးကြီး ၀င်းထွန်းအောင်က တပ်ပိုင်မြေအား ကျူးကျော် စိုက်ပျိုးသည်ဟုဆိုကာ ၄င်းတို့နှစ်ဦးအား အရေးယူပေးပါရန် ရွှေညောင် နယ် မြေရဲစခန်းသို့ တိုင်တန်းထားသည့်အတွက် ရဲစခန်းမှ ၄င်းတို့နှစ်ဦးအား (ပ)၄၁/၂၀၁၅၊ ပြစ်မှု ၄၄၃ ၊ ၄၂၇ အရအရေးယူထားကြောင်း တာဝန်ရှိသူများထံမှ သိရှိရပါသည် ။

" ဒီလိုလုပ်ရပ်မျိုးဟာ လူသားချင်းစာနာမှုမရှိတဲ့လုပ်ရပ်ပဲ ၊ သေတဲ့လူ ကလည်း သေသွားပြီးပြီ ၊ဒီလို လုပ်ရပ်မျိုးကို ရှုတ်ချတယ် ၊ အားလုံးကလည်း လျစ်လျူရှုမထားပါဘူး၊ စောင့် ကြည့်နေကြပါ တယ် ။ ကျနော်တို့အနေနဲ့ အာမခံရအောင်နဲ့ ဥပဒေလမ်းကြောင်းအရ နစ်နာ သူမိသားစုတွေဘက်က အားလုံး ကူညီပေးဖို့အ ဆင်သင့်ပါ " ဟု တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုး ကပြောသည် ။

ရ.ပ.ခပိုင်စိုက်ခင်းအတွင်းကျူးကျော်စိုက်ပျိုးနေသူများအားစာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်း ကောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များအားသက်သေ အဖြစ်ထားကာ ကျူးကျော်ဝင်ရောက် စိုက်ပျိုး ခြင်းမပြုရန်အကြိမ်ကြိမ် သွားရောက် တားမြစ်သတိပေးသည်ဟုလည်း အာဏာပိုင်များက ဆိုပါသည်။

မေလ (၂၁) ရက်နေ့ နံနက်(၇) နာရီ ၀န်းကျင်ခန့်တွင် ဦးမြင့်အောင် ဆိုသူ သည် " (ရ.ပ.ခ) ကသိမ်းယူထားတဲ့ ငါတို့ပိုင်မြေယာတွေပြန်ပေး ၊ ရေပူရွာ က ရာအိမ်မှူး နဲ့မြေတိုင်းစာရေး တို့အကျင့်ပျက်ခြစားမှုတွေကြောင့် ငါတို့ လယ်ယာမြေတွေဆုံးရှုံးသွားတာမကျေနပ်ဘူး " ဟူ၍ သေတမ်းစာရေးကာ အိမ်သားများမရှိချိန်တွင် မိမိကိုယ်ကိုဓါတ်ဆီလောင်း မီးရှို့ဆန္ဒပြကာ သေဆုံးသွားခဲ့မှုဖြစ်ပွားခဲ့ပါသည် ။

သျှမ်းသံတော်ဆင့် (ယိင်းတိုင်း)
https://www.facebook.com/Panglong.burmese


ယာမြေကြောင့် မိမိကိုယ်ကိုမီးရှို့သူ၏ မိသားစု တပ်ပိုင်မြေကျူးကျော်မှုဟုဆိုကာ ထပ်မံတရားစွဲခံရ  ယာမြေကြောင့် မိမိကိုယ်ကိုမီးရှို့သူ၏ မိသားစု တပ်ပိုင်မြေကျူးကျော်မှုဟုဆိုကာ ထပ်မံတရားစွဲခံရ Reviewed by သစ်ထူးလွင် on 09:37 Rating: 5
Powered by Blogger.