ရွှေလုပ်သား ၃၀၀ လောက် စစ်တပ်ရဲ့အဓမ္မဖယ်ရှားခံရ

ရွှေတူးဖော်တဲ့ကုမ္ပဏီတွေကို အရေးယူဖယ်ရှားပေးဖို့ မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာ မှာ မေလ ၁၂ ရက်နေ့က ဆန္ဒပြကြစဉ် Photo: RFA
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တောင်လယ်ကျေးရွာက မြေဧက ၅၀ လောက်မှာ တပိုင်တနိုင်ရွှေ တူးဖော်နေတဲ့ လုပ်သား ၃၀၀ လောက်ကို အဲဒီနေရာအနီး အခြေစိုက်တဲ့ အမှတ် ၁၃ လေ့ကျင့်ရေးတပ်က ဒီနေ့ ဖယ်ရှားလိုက်ပါတယ်။

တပ်ပိုင်မြေဆိုပြီး ပြောင်းရွှေခိုင်းတာဖြစ်တယ်လို့ ရွှေလုပ်သားကိုဇော်လင်းက ပြောပါတယ်။

"ကျနော်တို့ လုပ်ကွက်ရဲ့ရှေ့မှာ သူတို့ကစခန်းချပြီးတော့၊ ကျနော်တို့လို စက်သမားတွေ တဲမှာစခန်းချ ပြီးတော့နေတယ်၊ ဗိုလ်မှူးကိုယ်တိုင်ပါတယ်၊ ၂၂ ရက်ကနေ လာတာ အခုထိရှိသေးတယ်၊ အကုန်လုံးကတော့ ဖယ်ပေးကုန်ပြီ၊ ကျန်လဲနည်းနည်းဘဲကျန်တာ၊ မတတ်နိုင်တဲ့လူလောက်ဘဲ၊ မိလည်းမတတ်နိုင်ဘူးဆိုတဲ့ လူဘဲကျန်တယ်၊ ဒီမှာကတော့ ရွှေထုတ်လို့ရတဲ့ ဒုံးလိုဟာမျိုးတွေဘဲကျန်တော့တယ်၊ အဲ့ဒါတွေကတော့ ကျနော် တို့ သယ်ဖို့ပြုဖို့မလွယ်လို့"

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကုန်လောက်ကစပြီး တောင်လယ်ကျေးရွာက ရွှေလုပ်ကွက် တွေမှာ ဒေသခံတွေက တပိုင် တနိုင် ရွှေတူးဖော်နေကြတာဖြစ်ပြီး အမှတ် ၁၃ လေ့ကျင့်ရေးတပ်က တပ်ပိုင်မြေဖြစ်ကြောင်း ဆိုင်းဘုတ်တွေကို ၂၀၀၇ ခုနှစ်မှာ စိုက်ထူခဲ့တာဖြစ်တယ်လို့ ရွှေလုပ်သားတွေက ပြောပါတယ်။

တပ်အပိုင်မြေအဖြစ်ကြေညာပြီးနောက် ၂၀၀၉ ခုနှစ်မှာ ရွှေတူးဖော်တဲ့စက်ယန္တရား တစ်လုံးကို တစ်လကျပ် တစ်သိန်းခွဲနှုန်းနဲ့ တပ်မတော်ကို ပေးသွင်းလုပ်ကိုင် ကြပြီး နောက်ပိုင်းမှာ ရွှေထွက်နှုန်းနည်းလာတာကြောင့် တစ်လကျပ် သုံးသောင်းခွဲသာ ပေးသွင်းခဲ့တယ်လို့ သိရပါတယ်။

တောင်လယ်ကျေးရွာမှာ ရွှေတူးဖော်တဲ့ စက်ယန္တရား အလုံး ၂၀ လောက်ရှိပြီး သပိတ်ကျင်းမြို့နယ်က ဒေသခံတွေ အပြင် မကွေး၊ စစ်ကိုင်း၊ ပခုက္ကူ စတဲ့မြို့တွေ က ဒေသခံတွေလည်း လာရောက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရွှေလုပ်သား ၃၀၀ လောက် စစ်တပ်ရဲ့အဓမ္မဖယ်ရှားခံရ ရွှေလုပ်သား ၃၀၀ လောက် စစ်တပ်ရဲ့အဓမ္မဖယ်ရှားခံရ Reviewed by သစ်ထူးလွင် on 10:21 Rating: 5
Powered by Blogger.