ထိုင်းဒုရဲမှူးအယောင်ဆောင် လက်ထပ်သူကို ခင်ပွန်းအဖြစ် ဆက်ချစ်မည်ဟု သတို့သမီးပြော



လွန်ခဲ့တဲ့ ရက်ပိုင်းက ထိုင်းဒုရဲမှူးကြီး အယောင်ဆောင်မှုနဲ့ မင်္ဂလာဆောင်ကနေ ဖမ်း ဆီးခံထားရသူ သတို့သားကို သတို့သမီးက အပြစ်မယူဘဲ ခင်ပွန်းအဖြစ် ဆက်ချစ်မယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဖော်ပြချက်အရ အသက် ၃၃ နှစ်ရွယ်ရှိ နိုင်းပကားဆစ် ကျူလာဟွမ် ဆိုသူဟာ ဆီဆကစ်ခရိုင်က မိန်းကလေးတဦးနဲ့ ဒုရဲမှူးကြီးဝတ်စုံဝတ်ပြီး မင်္ဂလာပွဲကျင်းပစဉ် တာဝန်ရှိရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့ရာမှာ သတို့သမီးက ထိတ်လန့် မေ့မျောသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်း သတင်းထောက်တွေက သတို့သမီးကို ဇွန်လ ၄ ရက်နေ့က သွားရောက်တွေ့ဆုံမေးမြန်းရာမှာ သူမအနေနဲ့ နိုင်းပကားဆစ်ပေါ်မှာ ဘယ်လိုမှ ဗွေမယူဘဲ သူ့ကို အရှက်ရစေတဲ့အတွက်လည်း လျော်ကြေးတောင်းမှာမဟုတ်ဘူးလို့ ပြောပါတယ်။

နိုင်းပကားဆစ်ဟာ ရဲအရာရှိယောင်ဆောင်မှုနဲ့ အဖမ်းခံထားရပေမယ့် သူ့အနေနဲ့ ခင်ပွန်းအဖြစ် ဆက်လက်ပေါင်းသင်းသွားမှာဖြစ်ကြောင်း၊ သူဟာ လူကောင်းဖြစ်ပြီး သူမကို အမှန်တကယ်မြတ်နိုးချင်း ရှိမရှိ အကြိမ်ကြိမ်စမ်းသပ်ခဲ့ပြီးမှ တောင်းရမ်းလက်ထပ်ယူဖို့ လက်ခံခဲ့တာ ဖြစ်ကြောင်း၊ ဒါကြောင့် သူ့မှာ ဘာအဆောင်ယောင်မှမရှိပေမယ့် သူတို့ ၂ ဦးကြား မေတ္တာစစ်က အဓိကကျတဲ့အတွက် သူပြစ်ဒဏ်က လွှတ်လာခဲ့ရင် ခင်ပွန်းအဖြစ် ဆက်လက်ပေါင်းသင်းသွားမယ်လို့ အမည်မဖော်လိုသူ သတို့သမီးက သတင်းထောက်တွေကို ပြောသွားပါတယ်။

ဆီစကစ်ခရိုင်ရဲစခန်းကတော့ လောလောဆယ် နိုင်းပကားဆစ်ရဲ့ ငွေလိမ်တောင်းမှု ခံရသူများ စာရင်းနဲ့ ဆုံးရှုံးမှုတွေ ပြန်လည်စစ်ဆေးနေပြီး ခရိုင်တရားရုံးမှာ တရားစွဲဆိုဖို့ အမှုတွဲ ပြင်ဆင်နေတယ်လို့ စခန်းမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။

စမွတ်စခွန်ဇာတိဖြစ်သူ နိုင်းပကားဆစ်ဟာ ထိုင်းအမျိုးသားထောက်လှမ်းရေးတပ်က ဒုရဲမှူးကြီး အယောင်ဆောင်ပြီး တပါးသူပေါ် လိမ်လည်လှည့်ဖြားထားတဲ့အတွက် ဇွန်လ ၂ ရက်နေ့က မင်္ဂလာဆောင်ပွဲကျင်းပစဉ် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – မန်နေဂျာအွန်လိုင်း
By ဒီဗွီဘီ
http://burmese.dvb.no
ထိုင်းဒုရဲမှူးအယောင်ဆောင် လက်ထပ်သူကို ခင်ပွန်းအဖြစ် ဆက်ချစ်မည်ဟု သတို့သမီးပြော ထိုင်းဒုရဲမှူးအယောင်ဆောင် လက်ထပ်သူကို ခင်ပွန်းအဖြစ် ဆက်ချစ်မည်ဟု သတို့သမီးပြော Reviewed by သစ်ထူးလွင် on 08:30 Rating: 5
Powered by Blogger.