စီးပွားပျက်၍ မိသားစုနှင့် မိမိကိုယ်ပါ ပစ်သတ်မှု ထိုင်းတွင် ဖြစ်ပွား

ဓာတ်ပုံ - thairath
ထိုင်းနိုင်ငံ ဘန်ကောက်မှာ အိမ်ထောင်ဦးစီးမှ ဇနီးနဲ့ သားသမီးတွေကို သေနတ်နဲ့ ပစ်သတ်သလို သူ့ကိုယ်သူပါ ပြန်ပစ်လိုက်တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့တယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။


ဇွန်လ ၈ ရက် ည ၇ နာရီခွဲအချိန်က ဘန်ကောက်နွဲ့မြို့နယ် ဘန်ခွန်နွန်းရပ်ကွက်ထဲမှာ လူသေမှုဖြစ်ပွားကြောင်း သတင်းပို့ချက်အရ မှုခင်းဆရာဝန်၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ အခင်းဖြစ်ပွားရာနေရာကို သွားကြည့်ရာမှာ နှစ်ထပ်တိုက်ခန်းတွဲ အပေါ်ထပ် အိပ်ခန်းထဲက ခုတင်ပေါ် သေဆုံးနေတဲ့ ၁၃ နှစ်ရွယ် ယောက်ျားလေး အလောင်းတလောင်းနဲ့ ခုတင်အောက်မှာ ဘေးချင်းယှဉ်သေဆုံးနေတဲ့ အမျိုးသားအလောင်းတလောင်း၊ အမျိုးသမီးတလောင်းနဲ့ မိန်းကလေးငယ် အလောင်းတွေကို တွေ့ရတယ်လို့ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တဦးက သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူတွေရဲ့ ဦးခေါင်းမှာ သေနတ်ပစ်ခံထားရတဲ့ ဒဏ်ရာတွေရှိပြီး အဲဒီအနီးမှာ ပြောင်းရှည်သေနတ်တလက်နဲ့ ပွိုင့် ၂၂ ကျည်ခွံအလွတ်တွေပါ တွေ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေမှာ နိုင်းဘွန်းယလစ် (၄၆) နှစ်နဲ့ သူ့ဇနီး နန်းဆုဝမ်းနား (၃၆) နှစ်၊ သားဖြစ်သူ က၀င်းဖုတ် (၁၃) နှစ်၊ သမီး အေမီကာ (၉) နှစ်တို့ဖြစ်ပြီး အိမ်နီးနားချင်းတဦးရဲ့ ပြောပြချက်အရ နိုင်းဘွန်းယလစ်မှာ လက်သမားသုံးပစ္စည်း ရောင်းဝယ်ရေး လုပ်ကိုင်ကြောင်း၊ သူနဲ့အတူ ဘီယာဝိုင်းဖွဲ့လေ့ရှိပေမယ့် သူ့အိမ်တွင်းရေးပြဿ နာကို ပြောဆိုဖွင့်ဟလေ့မရှိဘဲ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ညကတော့ အရောင်းအ၀ယ်မကောင်းလို့ အလုပ်ရပ်ထားရတာ ၃ နှစ်ရှိပြီလို့ ဖွင့်ပြောခဲ့ကြောင်း၊ ဇွန်လ ၈ ရက်နေ့ညမှာတော့ သူနဲ့အတူ ဘီယာသောက်ဖို့ ဆင်းလာတာလည်းမတွေ့၊ ဖုန်းဆက်တော့လည်း ပြန်ထူးသူမရှိတာကြောင့် လှေခါးထောင်ပြီး အိပ်ခန်းတွင်းကို ချောင်းကြည့်ရာမှာ တမိသားစုလုံး သေဆုံးနေတာ တွေ့တဲ့အတွက် ရဲကို ဖုန်းဆက်အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

အခြားအိမ်နီးချင်းတဦးကလည်း သေဆုံးသူအိမ်ရှင်မဟာ သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘုတ်ပေါ်ကနေ ကံကြမ္မာရိုးမယ်ဖွဲ့ ညည်းတွားခဲ့တယ်လို့ ပြောပါတယ်။

မြို့နယ်ရဲစခန်းကတော့ နိုင်းဘွန်းယလစ်ဟာ မိသားစုတွင်း စီးပွားရေးကြပ်တည်းမှုကြောင့် မိမိ မိသားစုဝင်တွေကိုရော၊ သူ့ကိုယ်သူပါ သေနတ်နဲ့ ပစ်သတ်သွားတာ ဖြစ်နိုင်တယ်လို့ ကနဦး သုံးသပ်ထားပြီး လိုအပ်သလို ဆက်လက်စစ်ဆေး အရေးယူသွားဦးမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
စီးပွားပျက်၍ မိသားစုနှင့် မိမိကိုယ်ပါ ပစ်သတ်မှု ထိုင်းတွင် ဖြစ်ပွား စီးပွားပျက်၍ မိသားစုနှင့် မိမိကိုယ်ပါ ပစ်သတ်မှု ထိုင်းတွင် ဖြစ်ပွား Reviewed by သစ်ထူးလွင် on 18:33 Rating: 5
Powered by Blogger.