မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အထက် လူဦးရေ ၃ သန်းခွဲကျော် စာမတတ်မြောက်


 မြန်မာနိုင်ငံမှာ အသက်  ၁၅ နှစ်နဲ့အထက် လူဦးရေ ၃၄ သန်းလောက်ရှိတဲ့အထဲမှာ  ၃ သန်းခွဲကျော်က စာမတတ်ဘူးလို့ မကြာသေးခင်ကမှ ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မသင်မနေရ စနစ်ဖြစ်တဲ့ မူလတန်းအရွယ် အသက် ၅ နှစ်ကနေ ၉ နှစ်အထိ လူဦးရေ ၄၇ သိန်းကျော်မှာလည်း  စာမတတ်သူ ၁၀ သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

စာတတ်မြောက်မှု အများဆုံးက ၉၆ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ရန်ကုန်တိုင်းဖြစ်ပြီး ရှမ်းပြည်နယ်က ၆၄ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အနည်းဆုံးဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ အသက် ၅ နှစ်ကနေ ၉ နှစ်အထိ စာတတ်သူ ၅၉ ရာခိုင်နှုန်းပဲရှိတာပါ။ စာတတ်မြောက်သူ အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းမှာတောင် ၅ နှစ်ကနေ ၉ နှစ်ရှိ လူ ၅ သိန်းခွဲလောက်မှာ ၁ သိန်းလောက်က စာမတတ်ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တနိုင်ငံလုံးရဲ့ အသက် ၁၀ နှစ်ကနေ ၅၉ နှစ်အထိမှာ စာတတ်သူဦးရေက ၅၀ ရာခိုင်နှုန်းကျော်ပေမယ့် ၆၀ ကနေ ၉၀ အထိ အသက်အရွယ်တွေမှာတော့ ၅၀ ရာခိုင်နှုန်း အောက်မှာပဲ ရှိနေပါတယ်။

ဒါ့ပြင် တနိုင်ငံလုံးရဲ့ ၅ နှစ်နဲ့အထက် လူတွေထဲက လူ ၅ သန်းခွဲကျော်ဟာ လုံးဝ ကျောင်းမနေဖူးပါဘူး။ လူ ၆ သန်းခွဲလောက်ကတော့ အတန်းပညာမရှိကြောင်း ဖြေဆိုထားပြီး သန်း ၂၀ ကျော်က မူလတန်းအထိပဲ တက်ဖူးခဲ့တာပါ။ အလယ်တန်းအထိ တက်ဖူးသူ ၁၀ သန်းလောက်ရှိပြီး အထက်တန်းအထိ တက်ဖူးသူက ၄ သန်းခွဲကျော် ရှိပါတယ်။

အသက် ၁၅ နှစ်နဲ့အထက် ကျောင်းတက်တဲ့ ဦးရေမှာတော့ ယောက်ျားဦးရေက ပိုများနေတယ်လို့လည်း အစီရင်ခံစာအရ သိရပါတယ်။

 By ပိုင်စိုး (ဒီဗွီဘီ)
http://burmese.dvb.no
မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အထက် လူဦးရေ ၃ သန်းခွဲကျော် စာမတတ်မြောက်  မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အထက် လူဦးရေ ၃ သန်းခွဲကျော် စာမတတ်မြောက် Reviewed by သစ်ထူးလွင် on 15:00 Rating: 5
Powered by Blogger.