အမေရိကန်တွင် ဇနီးနှင့် ကလေး ၃ ဦးကို ပစ်သတ်ပြီး မိမိကိုယ်ကို သတ်သေ

ဓာတ်ပုံ - ရိုက်တာ

အမေရိကန်နိုင်ငံ မွန်တာနာပြည်နယ်မှာ ဖခင်တယောက်က ဇနီးသည်နဲ့ သားသမီးငယ် ၃ ယောက်ကို ပစ်သတ်ကာ သစ်သားအိမ်ကိုပါ မီးရှို့ခဲ့ပြီး သူ့ကိုယ်သူ သတ်သေခဲ့တယ်လို့ ဒေသခံတွေက ဇွန် ၉ ရက်နေ့မှာ ပြောပါတယ်။

ပစ်ခတ်သူက အသိအကျွမ်းတယောက်ကို ဖုန်းခေါ်ခဲ့ပြီး မိသားစုနဲ့ သူ့ကိုယ်သူ သတ်ဖို့ စီစဉ်နေတယ်လို့ ပြောခဲ့အပြီး အနာကွန်ဒါ ဒီးယားလော့ခ်ျမြို့နယ် အာဏာပိုင်တွေက ဇွန် ၈ ရက် မနက်က တပ်လှန့်ထားခဲ့တာပါ။

အဲဒီအချိန်မှာပဲ မြို့ပြင် ၁၅ မိုင်လောက်မှာရှိတဲ့ အမျိုးသားသစ်တောထဲက သစ်သားအိမ်ငယ်လေး မီးလောင်နေတာ အာဏာပိုင်တွေ တွေ့ခဲ့ရပြီး မီးခိုးနဲ့ အပူရှိန်ကြောင့် အထဲကို ချက်ချင်း မဝင်နိုင်ခဲ့ဘူးလို့ ဒေသခံ ရဲအုပ် စတိဗ် ဘာကလေက ပြောပါတယ်။

နယ်မြေ ၄ ခုက မီးသတ်ဌာနဆိုင်ရာလူတွေ ရောက်လာပြီး မီးငြှိမ်းခဲ့ရတာပါ။

ဖြစ်စဉ်အတွင်း အသက် ၁ နှစ်၊ ၄ နှစ်နဲ့ ၆ နှစ် အသီးသီးရှိတဲ့ ကလေး ၃ ယောက်နဲ့ အသက် ၃၈ နှစ်အရွယ် ဇနီးသည်တို့ သေဆုံးခဲ့တယ်လို့ သေမှုသေခင်း စုံစမ်းစစ်ဆေးရေး အရာရှိက ပြောပါတယ်။

ပစ်ခတ်သူကတော့ အသက် ၅၀ ကျော်အရွယ်ဖြစ်ပြီး လက်ဖဝါးတွင်း ကိုင်တွယ်ပစ်ခတ်ရတဲ့ သေနတ်ကို သုံးခဲ့တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေက နာမည်တွေကို ထုတ်ဖော်ကြေညာမှု မလုပ်သေးဘဲ ဆွေမျိုးရင်းချာတွေကို ရှာဖွေရ ခက်ခဲနေတယ်လို့ ရဲတွေကပြောပါတယ်။

ဓားစာခံ သားအမိတွေရဲ့ အလောင်းတွေကိုတော့ ရင်ခွဲစစ်ဆေးဖို့ မစ်ဆောင်လာမြို့က မွန်တာနာပြည်နယ် ရာဇဝတ်မှုဆိုင်ရာ ဓာတ်ခွဲခန်းဆီ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့က ပို့ဆောင် ခဲ့တယ်လို့ ရဲက ပြောပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
အမေရိကန်တွင် ဇနီးနှင့် ကလေး ၃ ဦးကို ပစ်သတ်ပြီး မိမိကိုယ်ကို သတ်သေ  အမေရိကန်တွင် ဇနီးနှင့် ကလေး ၃ ဦးကို ပစ်သတ်ပြီး မိမိကိုယ်ကို သတ်သေ Reviewed by သစ်ထူးလွင် on 09:11 Rating: 5
Powered by Blogger.