ဘောလုံးကွင်းအတွင်း အမှိုက်စွန့်ပစ်မှုကြောင့် အားကစားသမားများ စိတ်အနှောင့်အယှက်ဖြစ်

ဓါတ်ပုံ- မူစယ်မြို့ဘော်လုံးကွင်းနှင့်အမှိုက်ပုံ
ဂျွန်လ ၂၉ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ ဘောလုံးကွင်း၌ စည်ပင်သာယာရေးက အမှိုက်သရိုက်များ လာ ရောက်စွန့်ပစ်ခြင်းကြောင့် အားကစားသွားရောက်လုပ်ကြသည့် ပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ဒေသတွင်းသတင်းအရ သိရှိရသည်။

“ဘောလုံးကွင်း အားကစားကွင်းဆိုတာ အများပြည်သူက ကျန်းမာရေးအတွက် အားကစား လာလုပ်တဲ့နေရာ။ အခုက အမှိုက်တွေလာပစ်ထားတော့ အနံ့အသက်ကလည်းမကောင်း။ ညစ်ညမ်းတဲ့လေထုကို ရှုရှိုက်ရတော့ ကျန်းမာဖို့မပြောနဲ့ ရောဂါတွေပါ ရလာနိုင်တယ်” ဟု မူစယ်လူငယ် စိုင်းဆိုင်က ပြောပါသည်။

ထုန့်မောဝ်ဟန်လီဘောလုံးကွင်း၊ လွမ့်မောဝ်ခမ်းဘောလုံးကွင်းနှင့် သချိုင်းတို့ ကပ်လျက်တည်ရှိနေကြောင်း၊ အမှိုက်စွန့်ပစ်ရန် နေရာမရှိသည့်အတွက် သုဿန်သချိုင်း၌ စည်ပင်သာယာရေးအဖွဲ့က သွားရောက်စွန့် ပစ်ကြောင်း၊ လွန်ခဲ့သည့်တလခန့်မှစ၍ ဘောလုံးကွင်းအထဲထိ လာရောက်စွန့်ပစ်ကြောင်း ဆို၏။

“အုတ်ဂူတွေပေါ်မှာလည်း ပစ်ထားတယ်။ သချိုင်းဘက်မှာ ပစ်ဖို့နေရာမရှိတော့ ဒီဘောလုံးကွင်းဘက်လာ ပစ်တယ်။ တပုံကြီး။ ဘောလုံးကစားတာတောင် နှာခေါင်းပိတ်၊ ပါးစပ်ပိတ်ပြီး ကစားရတယ်။ အဆင်မပြေဘူး ဗျာ” ဟု လူငယ်ဘောလုံးသမားတဦးက ပြောပါသည်။

ဂျွန်လ ၂၆ ရက်နေ့က စည်ပင်အမှိုက်သိမ်းကာက အမှိုက်လာရောက်စွန့်ပစ်မည်ကို ဘောလုံး သမားများက သွားရောက်ပိတ်ပင်သောကြောင့် စကားများကြကြောင်း၊ စည်ပင်ဦးစီး ရပ်ကွက် အုပ်ချုပ်ရေးမှုး လာရောက် ဖြေရှင်းရကြောင်း အဆိုပါ လူငယ်ဘောလုံးသမားက ပြောပါသည်။

“ကျနော်တို့ကတော့ ပစ်ထားတဲ့အမှိုက်တွေကို အမြန်ဆုံး ပြန်ရှင်းပေးစေချင်တယ်။ ဒီအကြောင်းကို ယရက တွေဆီ သွားပြောလည်း သူတို့က ဘာမှမလုပ်ပေးနိုင်ဘူး။ စကားများကြတုန်းကတော့ ပစ်ထားတဲ့အမှိုက်တွေကို ပြန်လာရှင်းပေးမယ်လို့ ပြောသွားတယ်။”

အမှိုက်သရိုက်စွန့်ပစ်ရန်အတွက် မြေ ၁၃ ဧကကျော် တောင်းထားသော်လည်း ယနေ့တိုင် ချပေးခြင်း မရှိသေး ကြောင်း သိရှိရသည်။

သျှမ်းသံတော်ဆင့်/မွေခေါဝ်
https://www.facebook.com/Panglong.burmese


ဘောလုံးကွင်းအတွင်း အမှိုက်စွန့်ပစ်မှုကြောင့် အားကစားသမားများ စိတ်အနှောင့်အယှက်ဖြစ်  ဘောလုံးကွင်းအတွင်း အမှိုက်စွန့်ပစ်မှုကြောင့် အားကစားသမားများ စိတ်အနှောင့်အယှက်ဖြစ် Reviewed by သစ်ထူးလွင် on 04:16 Rating: 5
Powered by Blogger.