ရေပူကျောင်း ဆရာတော် တွေ့ဆုံခွင့် အပိတ်ခံရ

မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒကကို တွေ့ရစဉ် Photo:Hset Paing Toe/RFA
ဘုန်းကြီးကျောင်းဝန်းထဲမှာ တရားမဝင် ကျောက်တူး ဖော်တယ်ဆိုပြီး မိုးကုတ်ရဲစခန်းမှာ လူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒကကို တွေ့ဆုံခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

ဆရာတော်က သူ့အပေါ်အငြိုးဖွဲ့ပြီး ဖမ်းဆီးတာဖြစ်ကြောင်း မိန့်ကြားတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁ဝ ရက်နေ့က  တွေ့ခွင့်ရခဲ့တဲ့ ကပ္ပိယဖြစ်သူ ဦးစိုးဌေးက ပြောပါတယ်။

"မြို့နယ်ရဲတပ်ဖွဲ့မှူးက တွေ့ခွင့်မပေးဘူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးဆီကို ဖုန်းဆက်အကြောင်းကြားပြီးတော့ ဆရာတော်နဲ့ ကျနော့်ကို တွေ့ခွင့်ပေးဖို့ပြောတယ်၊ ဆရာတော်က ဘယ်သူ့ကိုမှ အာဃာတမထားဖို့ ဒါအကြောင်းတိုက်ဆိုင် လို့ ဖြစ်တယ်ဆိုတဲ့အကြောင်း ဆရာတော်က မေတ္တာမပျက်ဖို့ပြောတယ်၊ အစိုးရက ဆရာတော် ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာ့ခေါင်းဆောင်အဖြစ် မိုးကုတ်မြို့နယ်မှာ ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ အငြိုးဖွဲ့ပြီးတော့ လုပ်တာပေါ့နော်၊ နောက်တစ်ချက်က ကျနော်တို့ မိုးကုတ်မုံအင်းကိစ္စတွေမှာ ဆရာတော် က ပြည်သူလူထုဘက်ကရပ်တည်ပြီးတော့ ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ဒါငါ့ကိုတော့ အငြိုးတကြီးနဲ့ ဒါအကွက်ရှာပြီး အမှုဆင်ပြီးဖမ်းတာလို့ ဆရာတော်ကဒီလိုတော့ပြောတယ်"

မိုးကုတ် ရေပူကျောင်းတိုက်ဆရာတော်ကို သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ တရားမဝင်ကျောက်မျက် တူးဖော်မှု ၄၁ (က၊ခ)၊ တရားမဝင်သစ်တွေ သိမ်းဆည်းထားမှု ၄၂ (ခ ) နဲ့ မိုးကုတ်မြို့မ ရဲစခန်းကနေ ဇွန်လ ၉ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။

မနေ့ကလည်း ဆရာတော်ရဲ့ကျောင်းဝန်းထဲ သက်သေခံပစ္စည်းအနေနဲ့ မြေကြီးနမူနာလာယူရာမှာ ဘုရားဌာပနာ အကြွင်းကျန်တွေကိုလည်း မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သက်သေခံပစ္စည်းအနေနဲ့ ယူသွားတယ်လို့ သိရပါတယ်။

ဆရာတော် ဦးဣန္ဒကဟာ ၂ဝဝ၇ ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ ပါဝင်ခဲ့သလို လွန်ခဲ့တဲ့ ဇန်နဝါရီလက မိုးကုတ်မြို့က မုံအင်းမှာ ကျောက်မျက်အသင်းက အဆောက်အဦးတွေ ဆောက်မှာကို ကန့်ကွက်တဲ့အထဲ ပါဝင်ခဲ့တဲ့ ဆရာတော်ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရေပူကျောင်း ဆရာတော် တွေ့ဆုံခွင့် အပိတ်ခံရ  ရေပူကျောင်း ဆရာတော် တွေ့ဆုံခွင့် အပိတ်ခံရ Reviewed by သစ်ထူးလွင် on 12:26 Rating: 5
Powered by Blogger.