မင်းပြားတွင် ကမ်းပါးပြို၍ အိမ် ၃ လုံး ရေထဲပါ

( မင်းပြားမြို့ပေါ်တွင် မနေ့က ရေလျှံနေပုံ)
 ရန်ကုန်၊ ဇွန် ၂၇

 ရခိုင်ပြည်နယ် မင်းပြားမြို့တွင် မိုးကြီး မြစ်ရေလျှံရာမှ ကမ်းပါးပြိုပြီး အိမ် ၃ လုံး မြစ်ရေထဲပါသွားခဲ့သည်ဟု မင်းပြားမြို့မှ ဒေသခံ ဦးသိန်းဇံက ပြောသည်။

မြစ်ရေထဲပါသွားသော အိမ်များမှာ မင်းပြားမြို့ အောက်ရွာပိုင်း၊ ပြည်တော်အေး ရပ်ကွက်မှ ဦးခင်ဇော်ဝင်း၊ ဦးမောင်လှကျော်နှင့် နောက်အမည်မရသူ တစ်ဦးတို့၏ အိမ်များ ဖြစ်ကြသည်။

“ အခု သူတို့မိသားစုတွေက နီးစပ်ရာမှာ ခိုလုံနေကြတယ်။ မိုးက အဆက်မပြတ်ရွာပြီး လေးမြို့မြစ်ရေစီးက သန်နေတယ်။ နောက်ထပ်လည်း အိမ်အလုံး ၂၀ ခန့်ပါသွားနိုင်တယ်” ဟု ဆိုသည်။

စိုးရိမ်ရသော အိမ်များမှာ ဦးစောတင့် ရပ်ကွက်ရှိ အိမ်အချို့နှင့် ဘုတ်ဆိပ်ရှိ ဆိုင်တန်းများ ဖြစ်ကြသည်ဟု ဆိုသည်။

မင်းပြားမြို့တွင် နှစ်စဉ် မိုးရာသီတွင် ကမ်းပါးပြိုပြီး အိမ်များ မြစ်ရေထဲပါနေ၍ ကျပ်သန်းပေါင်းများစွာ အကုန်အကျခံပြီး ကမ်းထိန်းနံရံတည်ဆောက်ထားသော်လည်း စနစ်တကျ လေ့လာမှု မပြုလုပ်ဘဲ တည်ဆောက်သဖြင့် ကမ်းထိန်းနံရံ တည်ဆောက်လိုက် မြစ်ရေ တိုက်စားလိုက်၊ ကန်ထရိုက်များ ဘတ်ဂျက်ထုတ်ယူလိုက် စားသောက်လိုက် ဖြင့် သံသရာ လည်နေသည်ဟု ဦးသိန်းဇံက ပြောဆိုသည်။

Narinjara
https://www.facebook.com/pages/Narinjara

မင်းပြားတွင် ကမ်းပါးပြို၍ အိမ် ၃ လုံး ရေထဲပါ  မင်းပြားတွင် ကမ်းပါးပြို၍ အိမ် ၃ လုံး ရေထဲပါ Reviewed by သစ်ထူးလွင် on 13:31 Rating: 5
Powered by Blogger.