လက်နှိပ်ဓါတ်မီးထိုးမှုကြောင့် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား


 လက်နှိပ်ဓါတ်မီးထိုးသည့် ကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားနှစ်ဦး စကားများကာ ခိုက်ရန်ဖြစ်ရာမှတဆင့် အမျိုးသားတစ်ဦး ဒဏ်ရာဖြင့် အသက်သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ဇွန်လ(၆)ရက် ညပိုင်းက တာချီလိတ်၌ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၅ခုနှစ် ဇွန်လ(၆)ရက် (၂၁း၀၀)နာရီအချိန် ၀န်းကျင်က တာချီလိတ်မြို့ ၀မ်လုံးကျေးရွာအုပ်စု၊ လွယ်စတုံသွား လမ်းဘေးရှိ အမှိုက်ပုံအနီးတွင် စိုးသူနှင့် စန်းအောင်တို့သည် လက်နှိပ်ဓါတ်မီးထိုးသည့် ကိစ္စကြောင့် စကားများရန်ဖြစ်ရာမှ စန်းအောင်မှ စိုးသူအား အမှိုက်ခြစ်သည့် ထွန်ခြစ်ဖြင့် ရိုက်ရာ အရိုက်ခံရသည့် စိုးသူ၏ ဦးခေါင်းနောက်စေ့မှာ ပေါက်ပြဲ ဒဏ်ရာ (၁)ချက်၊ ၀ဲလက်ဖျံဖူးယောင် ဒဏ်ရာ (၁)ချက်တို့ ရရှိခဲ့ကြောင်း သိသည်။

ယင်းသို့ ဒဏ်ရာရရှိသူ စိုးသူ၏ ညီဖြစ်သူမှ အစ်ကိုဖြစ်သူအား နေအိမ်ပေါ်သို့ တွဲခေါ်လာပြီး အိပ်ယာပေါ်တွင် ထားရှိကာ အခင်းဖြစ်စဉ်ကို ဒေါ်မိုးမိုးအောင်၊ မောင်ချစ်ကို၊ အမိုး နှင့် ဦးနိုင်ဝင်းတို့မှတွေ့မြင်ကြကြောင်း၊ရိုက်နှက်သူ စန်းအောင်မှ အရိုက်ခံရသူ စိုးသူအား ဆေးကုပေးပါ့မည်၊ ဆေးထိုးပေးပ့ါမည်ဟု ပြောခဲ့သဖြင့် စိုးသူ၏ ညီမှာ အစ်ကိုဖြစ်သူ အနေဖြင့် ဒဏ်ရာ သက်သာလိမ့်မည်ဟုထင်၍ နေအိမ်တွင် ထားရရှိခဲ့ရာမှ ဇွန်လ(၇)ရက် နေ့လည်(၁၁)နာရီအချိန်ခန့်က စိုးသူမှာ မသက်သာဘဲ ဒဏ်ရာဖြင့် ကွယ်လွန်သွားခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်း၏ စစ်ဆေးချက်အရ သိရသည်။

အစ်ကိုဖြစ်သူ စိုးသူ သေဆုံးမှုနှင့် ပတ်သက်၍ ထွန်ခြစ်ဖြင့် ရိုက်သူ စန်းအောင်အား အရေးယူပေးပါရန် ညီဖြစ်သူမှ တာချီလိတ်မြို့မ ရဲစခန်းသို့ သွားရောက် တိုင်တန်းရာ တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်း နှင့်အဖွဲ့မှ တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ရာမှ တာဝေမီးစက် အမှိုက်ပုံအနီးတွင် နေထိုင်သူ အသက်(၃၃)နှစ်ရှိ စန်းအောင်အား ဖမ်းဆီးရမိပြီး တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၁၁၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်းက "လူရိုက်မှု၊ လူသတ်မှုတွေ စတဲ့ အခင်းဖြစ်ဖြစ်ခြင်း စခန်းကို မတိုင်တာတွေ၊ ဆေးရုံ၊ ဆေးခန်းတွေကို အလျင်အမြန် မပို့တာတွေကြောင့် မဖြစ်သင့်တာတွေဖြစ်တတ်ပါတယ်၊ အခု ကိစ္စမှာလည်း ဖြစ်ဖြစ်ခြင်း စခန်းကိုလည်း လာမတိုင်သလို ဆေးရုံပို့တာလည်း မရှိတော့ လူနာက သွေးလွန်သွားတာတွေမျိုးလည်း ဖြစ်တတ်ပါတယ်၊ ဒီအမှုကိုတော့ လူသတ်မှုအဖြစ် ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်.."ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Tachileik News Agency
http://www.tachileik.net
လက်နှိပ်ဓါတ်မီးထိုးမှုကြောင့် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား  လက်နှိပ်ဓါတ်မီးထိုးမှုကြောင့် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 21:13 Rating: 5
Powered by Blogger.