ဘန်ကောက်တွင် အချိန်မတော် ဆိုင်ကယ်ပြိုင်မောင်းသည့် ထိုင်းလူငယ် ၄၃၇ ဦးဖမ်းဆီး အရေးယူ


ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင်တွင်း ညအချိန်မတော် လူသွားလမ်းပေါ် ဆိုင်ကယ် အပြိုင် မောင်းနှင်တဲ့ လူငယ်စုံတွဲ ၄၃၇ ယောက်ကို ဖမ်းဆီးအရေးယူလိုက်တယ်လို့  ထိုင်းရတ် သတင်းမှာ ဖော်ပြပါတယ်။

အဲဒီလူငယ်တွေကို ဘန်ကောက်ခရိုင် နယ်မြေ ၈ ထဲမှာ ရှိတဲ့ တလတ်ဖူးလ်၊ ဘန်ယိလေးနဲ့ ဆမ်လဲ့မြို့နယ် ရဲစခန်း ၃ ခုက ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော် ပူးပေါင်းပြီး   မေ ၃၁ ရက်နေ့ မနက် ၂ နာရီအချိန်က လူငယ်တွေ ဆိုင်ကယ်ပြိုင်မောင်းလေ့ရှိတဲ့ လမ်းမကို ပိတ်ဆို့ ဖမ်းဆီးခဲ့တာလို့  နယ်မြေ ၈ ရဲတပ်ဖွဲ့က  ရဲမှူးကြီး ၀ိဆန် ဖန်းထုမ့်မနီး က သတင်းထောက်တွေကို ပြောပါတယ်။

ဖမ်းဆီးထားတဲ့ လူငယ်တွေထဲမှာ အမျိုးသား  ၃၇၇ ယောက်၊ အမျိုးသမီး ၆၆ ယောက် ပါဝင်ပြီး အသက် ၁၈ နှစ်အောက် လူငယ်က ၁၂၅ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

အချိန်မတော် သောင်းကျန်းတဲ့ လူငယ်တွေကို ဖမ်းမိဖို့ အထူးစီမံချက်ဖွဲ့စည်းပြီး ၃ ပတ်ကြာ အချိန်ယူ ပြင်ဆင်ခဲ့ရတယ်လို့  ရဲမှူးကြီးက ဆက်ပြောပါတယ်။

အဲဒီလူငယ်တွေကို မူးယစ်ဆေးဝါးနဲ့ အရက်သေစာသောက်စားမှုတွေကိုပါ စစ်ဆေးရာမှာ ကိုယ်ဝန် ၈ လ ရှိ အသက် ၂၀ အရွယ် မိန်းကလေးငယ်တဦးပါ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီလူငယ်တွေနဲ့အတူ ပိုင်ရှင်ရှိ မော်တော်ဆိုင်ကယ်  ၂၅၁ စီး၊ ပိုင်ရှင်မဲ့ ဆိုင်ကယ် ၂၁ စီးကိုပါ ဖမ်းဆီး ထိန်းသိမ်းထားပြီး ပိုင်ရှင်မဲ့ဆိုင်ကယ်ကတော့ ထွက်ပြေးလွတ်မြောက်နေတဲ့ လူငယ်တွေရဲ့ ဆိုင်ကယ်ဖြစ်နိုင်ကြောင်း၊ ပိုင်ရှင်က လိုက်မလာရင် နိုင်ငံပိုင်အဖြစ် သိမ်းဆည်း သွားမယ်လို့ ဆိုပါတယ်။

လောလောဆယ် အသက်မပြည့်တဲ့ ဆိုင်ကယ်မောင်းလူငယ်တွေကို လူငယ် အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ၁၈ နှစ်အထက် လူငယ်တွေကိုတော့ ရဲစခန်း ၃ ခုမှာ ခွဲပြီး ထိန်းသိမ်းထားကြောင်း၊ သူတို့ကို အများပြည်သူလုံခြုံရေးကို မထေမဲ့မြင်ပြုမူမှုနဲ့ အရေးယူ သွားမယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

အနောက်ကနေ လိုက်စီးတဲ့ လူငယ်တွေကိုတော့ လူတဦးကို ဘတ် ၅၀၀ ဒဏ်ငွေရိုက်ပြီး ရဲစခန်းမှာ မင်နီတားပြီး မှတ်တမ်းတင်ထားကြောင်း၊ ဒါ့အပြင် မိမိသားသမီးကို ဂရုမစိုက်၊ ဆိုဆုံးမခြင်း မရှိတဲ့ မိဘအုပ်ထိန်းသူတွေပါ ခေါ်ယူသတိပေးခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြ သွားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
ဘန်ကောက်တွင် အချိန်မတော် ဆိုင်ကယ်ပြိုင်မောင်းသည့် ထိုင်းလူငယ် ၄၃၇ ဦးဖမ်းဆီး အရေးယူ ဘန်ကောက်တွင် အချိန်မတော် ဆိုင်ကယ်ပြိုင်မောင်းသည့် ထိုင်းလူငယ် ၄၃၇ ဦးဖမ်းဆီး အရေးယူ Reviewed by သစ်ထူးလွင် on 17:17 Rating: 5
Powered by Blogger.