လက်ရှိအစိုးရ သက်တမ်းတွင်း ဒဂုံစီးတီး စီမံကိန်း ဆိုင်းငံ့ပေးရန်အဆို လွှတ်တော်တွင် တွေးနွေးခွင့်မရ


ဇွန်လ ၉ ရက်နေ့က ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ ရန်ကုန်တိရစ္ဆာန်ဥယာဉ်နှင့် မျက်နှာချင်းဆိုင်ဖြစ်သော အဆင့်မြင့်အိမ်ယာစီမံကိန်း ( Dagon City Project )သည် တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် မညီညွှတ်ဘဲ နိုင်ငံတော်၏ ပုံရိပ်နှင့် နိုင်ငံသူ၊ သားများ၏ အကျိုးစီးပွားကို ထိခိုက်ပါသဖြင့် ယခုအစိုးရသက်တမ်းတွင် တရားဝင်အမိန့်ညွှန်ကြားချက်ထုတ်ပြန်၍ ဆိုင်းငံ့ပေးပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်တို့ တင်သွင်းခဲ့ရာ ဆွေးနွေးခွင့် မရခဲ့ကြောင်းသိရသည်။

ယင်းစီမံကိန်းနှင့်ပတ်စက်၍ ဒေါက်တာညိုညိုသင်းက "ဒီနေရာမှာ မေးချင်တာက ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီစိမ်းလမ်းဧရိယာကြီးကို ရှင်းလိုက်တာလဲ။ ဘယ်သူက ဒီအလုပ်ကို လုပ်ခဲ့တာလည်း မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ YCDC တာဝန်ခံတချို့ကို မေးကြည့်တဲ့အခါ သူတို့လည်း မသိပါဘူးလို့ ဖြေတာကို တွေ့ရပါတယ် " ဟု ဒေါက်တာညိုညိုသင်းကပြောသည်။

Dagon City Project သည် အများပြည်သူများအတွက် ကမ္ဘာ့အံ့ဖွယ်တခုဖြစ်သော ရွှေတိဂုံဘုရားမြင်ကွင်း ပျောက်ဆုံးသွားမည်ဖြစ်ကြောင်း၊ ခောတ်အဆက်ဆက် စီမံခန့်ခွဲမှုအလွှဲများကြောင့် ယခုကဲ့သို့ အများပိုင် ယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ဆုံးမည်ကို စိုးရိမ်ရကြောင်း ၄င်းကပြောသည်။
"နိုင်ငံပိုင် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ကိုင်တွယ်ထိတွေ့လို့မရတဲ့ ပြည်သူပိုင်မြင်ကွင်းကို ပုဂ္ဂလိက ပြည်သူတဦးတစ်ယောက်ရဲ့ လက်ဝယ်ကို ၀ကွက်အပ်နှံလိုက်ခြင်းဟာ တည်ဆဲလုပ်ထုံလုပ်နည်းတွေနဲ့လည်း ညီညွှတ်ပါသလား။ ညီညွှတ်မှု မရှိဘူးလို့ ကျမ အနေနဲ့ တွေ့ရှိပါတယ်။ ယခုလက်ရှိ လုပ်ငန်းဆောင်တာ လုပ်ဆောင်ထားမှုတွေဟာ တည်ဆဲဥပဒေ၊ စည်ပင်သာယာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့မညီတဲ့ အတွက်ကြောင့်မို့လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူနိုင်ခြင်းရှိမရှိ လွှတ်တော် ဥက္ကဌကြီးမှ တဆင့် မေးမြန်းလိုပါတယ် " ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

အဆိုပါစီမံကိန်းဖြစ်ပေါ်လာပြီးနောက် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ယာဉ်ကြောပိတ်ဆို့မှုပြသာနာကိုလည်း ၄င်းက ထောက်ပြခဲ့သည်။
ကမ္ဘာတ၀န်းတွင် မြေအောက်ရေကို လိုသည်ထက်ပိုမိုသုံးစွဲခဲ့သည့်အတွက် မြေပြင် အနေအထားများ သိသိသာသာ နှိမ့်ကျသွားခဲ့သည့် ဖြစ်ရပ် သာဓကများ လေ့လာသိရှိရကြောင်း၊ ယင်းစီမံကိန်းနှင့်ပတ်သက်၍ သိဂုင်္တရမြေ အနေအထား ပြောင်းလဲသွားနိုင်သည့်အပေါ်တွင် လေ့လာဆန်းစစ်ထားသည့်အချက်များ ရှိပါသလားဟု စုံစမ်းသည့် အခါတွင် မရှိသေးကြောင်း တွေ့ရှိရကြောင်း ဒေါက်တာညိုညိုသင်းကပြောသည်။
"သိဂုင်္တ္တရကုန်းမြေကြီးဟာ သဲဆန်တဲ့မြေတွေနဲ့ ဖွဲ့စည်းထားတာကြောင့်မိုလို့ မိုးရေတွေက သဘာဝအလျှောက် မြေအောက်ထဲကို စီးဝင်နေတဲ့ နေရာကြီးဖြစ်ပါတယ်။ အဲဒီ အနေအထားမှာ ဒီစီမံကိန်းကြီးကို ဆောက်လုပ်နေတဲ့ ကုမ္ပဏီက ဒီနေရာက သစ်ပင်တွေကို ခုန်ထွင်ရှင်းလင်းလိုက်ပြီးတော့ ကွန်ကရစ်ကို ခင်းလိုက်မယ်ဆိုလို့ရှိရင် အဲဒီအပေါ်မှာ သံ(ပိုင်)ရိုက်မယ်၊ အဆောက်အအုံကြီးတွေ ဆောက်မယ်ဆိုရင် ဒီနေရာရဲ့ မြေအောက်ရေကြောက အနိမ့်အမြင့် ပြောင်းလဲသွားမှာ ဖြစ်ကြောင်း ပညာရှင်များက အတိအလင်းဟောကိန်း ထုတ်ထားတာ ရှိပါတယ်။ နောက်တခါ ဒီလို ကြီးမားတဲ့အဆောက်အဦးတွေ ဆောက်ပြီး ပိုင်တွေရိုက်တဲ့ အတွက်ကြောင့် ရန်ကုန်မြစ်အောက်က ဆားငန်ရေတွေလည်း အစားထိုးဝင်ရောက်လာနိုင်ပါတယ်လို့ ဘူမိဗေဒပညာရှင် ဦးကျော်စွာသိန်းက ဆိုပါတယ် ။" ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

ထိုပြင် ရန်ကုန်နည်းပညာရှင်တက္ကသိုလ် ပါမောက္ခတဦးက ၁၉၉၉ ခုနှစ်အချိန်တွင် ရွှေတိဂုံတော်ကြီးအတွင်းပိုင်းတွင် ထိုးဖောက်စစ်ဆေးကြည့်ရာ ဘုရားကြီး၏ ပထမအုတ်အလွှာနှင့် ဒုတိယအုတ်အလွှာကြားတွင် ရွံ့အပျော့တစ်လွှာတွေ့ရှိခဲ့ရပြီး ယင်းရွံ့အလွှာသည် စိုစွှတ်နေကြောင်း တွေ့ရသည်ဟု သိရကြောင်း ဒေါက်တာညိုညိုသင်းကပြောသည်။
"ဒီပညာရှင် နှစ်ဦးရဲ့ သုံးသပ်ချက်တွေကို ဆက်စပ်ပြီး စဉ်းစားမယ်ဆိုရင် ဒီစီမံကိန်းဟာ ရွှေတိဂုံကုန်းတော်ရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်ကို အန္တရာယ်ရှိတဲ့ အနေအထားမှာရှိတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒါကြောင့် မို့လို့ ဒီစီမံကိန်းကို ခွင့်ပြုထားသူများက ပြန်လည် သုံးသပ်ရန် လိုပါတယ်။"

ယင်းအချက်များအားလုံးဖြစ်မလာပါဘူးဟု အစိုးရအဖွဲ့ဝင် တစ်ဦးဦးက တာဝန်ယူနိုင်ပါသလား ဒါမှမဟုတ် ကုမ္ပဏီ ဘက်မှလည်း ယင်းကဲ့သို့ မဖြစ်စေရပါဘူးဟု အာမခံနိုင်ပါသလားဟု ဒေါက်တာညိုညိုသင်းက မေးခွန်းထုတ်ခဲ့သည်။

အဆိုပါမြေနေရာသည် တပ်ပိုင်မြေဖြစ်သည်ဟု သိရသော်လည်း YCDC က စစ်ဆေးခွင့်ရှိကြောင်း တပ်မတော်သည် ဥပဒေအထက်တွင်ရှိသည့် အဖွဲ့အစည်း မဟုတ်ကြောင်း တည်ဆဲလုပ်ထုံးလုပ်နည်းနှင့် မညီညွှတ်လျှင် YCDC မှ တားဆီးပိတ်ပင်ခွင့်ရှိရမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

ယင်းအဆိုအား ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်က ထောက်ခံခဲ့သော်လည်း ဒေါက်တာညိုညိုသင်း၏အဆိုအား လွှတ်တော်တွင် ဆွေးနွေးသင့်/မသင့် အဆုံးအဖြတ်ကို ရယူခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ဆွေးနွေးရန် မသင့်ကြောင်းပြောကြား ခဲ့သည်။

ယင်းစီမံကိန်းအကောင်အထည်ဖော်မည့် ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေနေရာသည် ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုအာဏာသက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး၏ အုပ်ချုပ်မှုအာဏာ မသက်ရောက်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၆ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အချုပ်အခြာအာဏာသည်၊ ပြည်ထောင်စု၏အုပ်ချုပ်မှုအာဏာသည် ပြည်ထောင်စု၏လွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည်ဟု ဖော်ပြထားကြောင်း ၀န်ကြီး ဦးသန်းမြင့်က ပြောသည်။

"ဒါကြောင့် အဆိုရှင်တင်ပြသည့် မြေနေရာဟာ ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုအာဏာတွင် သက်ရောက်ပါတယ်။ ဒါ့ပြင် ဒဂုံစီးတီးစီမံကိန်း ပရောဂျက်နှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရကို အကြောင်းကြားစာ ပေးပို့ခြင်းသော်လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ တစုံတရာ ပါဝင်ဆောင်ရွက်နေခြင်း မရှိကြောင်း တင်ပြအပ်ပါသည်"ဟု ၀န်ကြီး ဦးသန်းမြင့်က ပြောသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၁ ၊ နည်းဥပဒေခွဲ (ထ) နည်းဥပဒေခွဲ (၂) နောက်တွဲ (ဃ) အရဆောင်ရွက်သည့်အခါတွင် ဆွေးနွေးရန်ထောက်ခံသူ ၃ ဦးသာရှိ၍ သတ်မှတ်အရေအတွက် ၂၁ ဦးမပြည့်သည့်အတွက် လွှတ်တော်တွင် ဆွေးနွေးရန်မရှိကြောင်း ရန်ကုန်တိုင်းဥက္ကဌ ဦးစိန်တင်ဝင်းက ကြောညာခဲ့သည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
လက်ရှိအစိုးရ သက်တမ်းတွင်း ဒဂုံစီးတီး စီမံကိန်း ဆိုင်းငံ့ပေးရန်အဆို လွှတ်တော်တွင် တွေးနွေးခွင့်မရ  လက်ရှိအစိုးရ သက်တမ်းတွင်း ဒဂုံစီးတီး စီမံကိန်း ဆိုင်းငံ့ပေးရန်အဆို လွှတ်တော်တွင် တွေးနွေးခွင့်မရ Reviewed by သစ်ထူးလွင် on 18:41 Rating: 5
Powered by Blogger.