ပင်လယ်ခရုစားရာမှ အစာအဆိပ်သင့်၍ လူ ၇၃ ဦး ဆေးရုံ တက်ကုသရ


မြိတ် ဇွန် ၁၇

တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရေမြစ် ကြီးကျေးရွာတွင် ဒေသခံပြည်သူ များ ခရင်း(ပင်လယ်ခရု)ကို စားမိရာမှ အစာအဆိပ်သင့်မှု ကြောင့် ဇွန် ၁၆ ရက် ညနေ ၃ နာရီ ကျော်က ဒေသခံရွာသူ ရွာသား ၇၃ ဦးသည် မြိတ်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူလျက်ရှိကြောင်း သိရ သည်။

ဖြစ်စဉ်မှာ စန္ဒဝတ်ကျေးရွာ အုပ်စု ရေမြစ်ကြီးကျေးရွာ၌ ဇွန် ၁၅ ရက်က ၄င်းခရင်း(ပင်လယ်ခရု)များ ကို နို့ဆီဘူးတစ်ဘူးလျှင် ငွေကျပ် ၅ဝဝ ဖြင့် အမျိုးသမီးတစ်ဦးက လာရောက်ရောင်းချသဖြင့် ရွာသူ၊ ရွာသားများက ဝယ်ယူစားသုံးရာ ဇွန် ၁၆ ရက်တွင် အစာအဆိပ်သင့်သူ သံဃာတစ်ပါး၊ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၄၁ ဦး စုစုပေါင်း ၇ဝ (မစိုးရိမ်ရ)တို့ မြိတ်မြို့ ပြည်သူ့ ဆေးရုံကြီး၌ တက်ရောက် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဇွန် ၁၇ ရက် နံနက် ၈ နာရီတွင် မြိတ်မြို့ ပြည်သူ့ ဆေးရုံကြီးသို့ ရေမြစ်ကြီးကျေးရွာမှ ခရင်း(ပင်လယ်ခရု)စားမိသူ အစာ အဆိပ်သင့်လူနာသုံးဦး ထပ်မံ ရောက်ရှိလာရာ မြိတ်မြို့ ပြည်သူ့ ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသမှု ခံယူလျက် ရှိပြီး ၄င်းအစာအဆိပ်သင့် လူနာ များသည် ဗိုက်နာ၍ ဝမ်းအနည်းငယ် သွားကြောင်း၊ လူနာများ၏ အသက် အန္တရာယ် စိုးရိမ်စရာမရှိကြောင်းနှင့် ဆေးစစ်ဆေးမှုအရ သက်သာသော သူများကို ဆေးရုံမှ ဆင်းခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစာအဆိပ်သင့်မှု ဖြစ်ပွားသည့် ရေမြစ်ကြီးကျေးရွာသို့ မြိတ်မြို့ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံ အုပ်ဒေါက်တာ သန္တာမျိုးဝင်း ကြီးကြပ် မှုဖြင့် အထူးကု ဆရာဝန်ကြီးများ အဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများသည် နံနက် ၁ဝ နာရီက ရေမြစ်ကြီးကျေးရွာ မဟာဗောဓိ ဘုန်းတော်ကြီးကျောင်း၌ အခြေပြု ဆေးဝါးကုသပေးလျက်ရှိ ကြောင်း သိရသည်။

မြင့်ဦး(မြိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပင်လယ်ခရုစားရာမှ အစာအဆိပ်သင့်၍ လူ ၇၃ ဦး ဆေးရုံ တက်ကုသရ  ပင်လယ်ခရုစားရာမှ အစာအဆိပ်သင့်၍ လူ ၇၃ ဦး ဆေးရုံ တက်ကုသရ Reviewed by သစ်ထူးလွင် on 06:17 Rating: 5
Powered by Blogger.