သက်တမ်းမကုန်ခင် အနည်းဆုံးအခကြေးငွေနှုန်းထား သတ်မှတ်မည်ဟု အစိုးရကတိပြု


လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)

အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ဖို့ အလုပ်ရှင်၊ အလုပ်သမား၊ လွှတ်တော်ကိုယ်စားတွေနဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဇွန်လထဲမှာ ကျင်းပပြီး အဆိုပြု အနည်းဆုံးအခကြေးငွေကို ဇွန်လထဲမှာပဲ ထုတ်ပြန်သွားမယ်တယ်လို့ သမ္မတက သ၀ဏ် လွှာပေးပို့ခဲ့ပါတယ်။

ဒီလိုထုတ်ပြန်ပြီး ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်ချက်၊ အကြံပြုချက်တွေရှိရင် ပြန်လည်စိစစ်ညှိနှိုင်းပြီး နောက်ဆုံးညှိနှိုင်းရရှိတဲ့ အနည်းဆုံးအခကြေးငွေကို လက်ရှိအစိုးရအဖွဲ့ရဲ့ သက်တမ်းအတွင်းမှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ အစိုးရအဖွဲ့သက်တမ်းဟာ ၂၀၁၆ ခုနှစ် မတ်လအထိဖြစ်ပါတယ်။

ဇွန် ၄ ရက်နေ့က လွှတ်တော်မှာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ ဒေါ်ဝင်းမော်ထွန်းက ‘၂၀၂၀ ခုနှစ် အာဆီယံစီးပွားရေးအသိုက်အ၀န်း (အေအီးစီ) ရဲ့ လက်ခံကျင့်သုံးရမှာ ဖြစ်တဲ့အတွက် နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကိုက်ညီပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးဟာ တကယ့်ကို အရေးကြီးလှပါတယ်။ ၀င်လာမယ့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (အက်ဖ်ဒီအိုင်) အရေးကြီးသလို လက်ရှိရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ပြန်ထွက်မသွားအောင် စဉ်းစားဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်ရှင်။ ဒါကြောင့်မို့လို့ အားလုံးအတွက် အကောင်းဆုံးဖြစ်နိုင်မယ့်အခြေအနေကို ရွေးချယ်ရာမှာ တဦးနဲ့တဦး ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အဆင်ပြေ ချောမွေ့ဖို့လိုအပ်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ပေါ်များစေရေး၊ စက်ရုံများလည်ပတ်နိုင်ဖို့ အခက်အခဲများ နည်းပါးစေရေးတို့အတွက် အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေးကို အခု အစိုးရသက်တမ်းကာလအတွင်းမှာ ပြီးမြောက်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ” လို့ ရှင်းလင်းခဲ့ပါတယ်။

ဒါအပြင်  စက်မှုဇုန်လုပ်သားတွေ  တလကို ကျပ်ငွေ နှစ်သောင်းကနေ လေးသောင်းထိ ကုန်ကျခံငှားရမ်းနေထိုင်နေရတဲ့ နေရေးကိစ္စကိုလည်း အစိုးရဘက်က စီစဉ်ထားတယ်လို့ သူက ဖြည့်စွက်ပြောဆိုပါတယ်။

သူက “အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေနဲ့ စက်မှုဇုံများမှာ အလုပ်သမားများ နေထိုင်ဖို့အတွက် တိုက်ခန်းများဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ မကြာမီအချိန်အတွင်းမှာ စီစဉ်ဆောင်ရွက်ဖို့ ရှိပါကြောင်း ပြောကြားလိုပါတယ်ရှင်” လို့ ပြောပါတယ်။

အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဦးဆောင်သူ ဒေါ်အိရွှေစင်ညွန့်က အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားထုတွေရဲ့ လိုလားချက်ကတော့ အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၄ ထောင်နှုန်းထားသတ်မှတ်စေချင်ပြီး ဒီလဆွေးနွေးပွဲမှာ တကယ်တင်ပြနိုင်သူတွေ တက်ရောက်ဆွေးနွေးဖို့လိုတယ်လို့ ပြောပါတယ်။


သူက “အလျှော့ပေးနိုင်ဆုံးအဆင့်က ၄ ထောင်ပဲ။ ဒီထက်ပိုပြီး မလျှော့နိုင်ဘူး။ ဒါပေမယ့် အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ၁၅၀၀ လောက် သူတို့ပြောပြီးတော့ အခြားနှုန်းထားတွေကို ပေးမယ်ဆိုတာ အာမခံမှုမရှိဘူးလေ။ အဲဒီအတွက်ကိုတော့ ဆွေးနွေးနေဆဲပဲ။ တချို့အထည်ချုပ်လုပ်ငန်းရှင်တွေက သုံးထောင်အထက် ပေးနိုင်တဲ့သူတွေရှိတယ်။ အစိုးရကတော့ ဒီလထဲမှာ ဆွေးနွေးပြီးနှုန်းထားတခု ကြေညာမယ်လို့တော့ ပြောတယ်။ ဒီလထဲမှာကျင်းပမယ့် ဆွေးနွေးပွဲမှာ တကယ်ထိထိရောက် ရောက် တောင်းဆိုမယ့်သူတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ပါဝင်ဖို့တော့ လိုအပ်တယ်။ မပါဘဲနဲ့ စိတ်တိုင်းကျဆုံးဖြတ်ရင်လည်း နည်းသွားရင်လည်း ပြဿ  နာရှိနိုင်တယ်။ များတော့ မများနိုင်ဘူးလေ” လို့ ပြောပါတယ်။

နိုင်ငံတကာ စံချိန်စံညွှန်းနဲ့နှိုင်ယှဉ်ရင် မြန်မာအလုပ်သမားထုဟာ လစာရော အလုပ်သမားအခွင့်အရေးမှာပါ အများကြီး နိမ့်ကျနေပြီး ရင်းနှီးမြှုပ်နှံသူအများစုဟာလည်း လုပ်ခလစာ ဈေးပေါပေါနဲ့ရလို့ ပြည်တွင်းပြည်ပကနေ ရင်းနှီးမြှုပ်နှံတဲ့အဆင့်မှာပဲ တွေ့ရသေးတယ်လို့ ဆိုပါတယ်။

အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီမှ အလုပ်သမားကိုယ်စားလှယ် ကိုနော်အောင်ကလည်း   အထည်ချုပ်လုပ်ငန်းတခုကလွဲလို့ ကျန်လုပ်ငန်းတွေက ကျပ်ငွေ ၄ ထောင်ပေးဖို့ အများစုသဘောတူကြတယ်လို့ ပြောပါတယ်။

သူက “အခုက အထည်ချုပ်လုပ်ငန်းတခုကလွဲပြီး ကျန်တဲ့လုပ်ငန်းတွေက ၄ ထောင် (ကျပ်) တော့ ဖြစ်လိမ့်မယ်ထင်တယ်။ သူက လောလောဆယ်ညှိလို့ မရသေးတာပေါ့ခင်ဗျာ။ ကျန်တဲ့လုပ်ငန်းတွေက အဲဒီကိန်းဂဏန်းအပေါ်မှာ သိပ်ပြီးတော့ အခက်အခဲမရှိတဲ့သဘောရှိတယ်” လို့ ပြောပါတယ်။

မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ ကျန်အိမ်နီးချင်းနိုင်ငံတွေက အထည်ချုပ်လုပ်ငန်းတွေနဲ့မတူဘဲ ဘာကွားခြားသလဲဆိုတာကို သူက အထည်ချုပ်လုပ်ငန်းရှင်တွေကို မေးခွန်းထုတ်ပါတယ်။

“သူတို့အကြောင်းပြချက်တခုက သူတို့က အခစားစက်ရုံတွေဖြစ်တယ်ပေါ့ဗျာ။ ဟိုကပေးတဲ့အခပေါ်မှာ မူတည်ပြီးတော့ သူတို့ကပေးရတာပေါ့ဗျာ။ ကျနော်တို့က သူတို့ကိုမေးခွန်းထုတ်ချင်တယ်။ ယိုးဒယား၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားတို့ ဘာတို့မှာလည်း ရှိတယ် အထည်ချုပ်လုပ်ငန်းတွေ။ အဲဒီနိုင်ငံတွေမှာလည်း ဥရောပအော်ဒါတို့၊ ဟောင်ကောင်အော်ဒါတို့၊ ဂျပန်အော်ဒါတို့၊ ကျနော်တို့ဆီကိုလဲ အဲဒီကနေပဲ လာတာပဲ။ အဲဒီနိုင်ငံတွေက ဘာလို့ ပေးနိုင်တာလဲ။ ဥပမာ ထိုင်းမှာဆိုရင် တရက် ဘတ် ၃၀၀ (မြန်မာငွေ ကျပ် ၉၆၀) ပေးနိုင်နေတယ်” လို့ ပြောပါတယ်။

အထည်ချုပ်အလုပ်သမတဦးအဖို့ လစာငွေအားဖြင့် တလကို ကျပ်ငွေ ငါးသောင်းနဲ့ တသိန်းကြားသာ ရရှိကြတာကြောင့် လက်ရှိ ကုန်ဈေးနှုန်းအရ တရက်အနိမ့်ဆုံးလုပ်ခကို ကျပ်လေးထောင်တောင်းဆိုနေကြတာဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက တုန့်ပြန်ရာမှာ “ဖော်မြူလာရှိတယ်။ ကျနော်တို့က ပြောရင်တော့ အခြေခံလစာ + အချိန်ပိုလုပ်ခ နဲ့ ကုန်ထုတ်လုပ်မှုဆုကြေးပေါ့  အဲဒါ ညီမျှခြင်းက လစာပေါ့။ ကျနော်တို့က ညီမျှခြင်း လစာမှာက အခုသူတို့ပြောတဲ့ ၄ ထောင်တို့ ဘာတို့က မိနေပြီးသား။ ကျနော်တို့က ၁ သိန်း ၂ သောင်းပေးနေတာကိုး။ အဲဒီ ၁ သိန်း ၂ သောင်းကို ကျနော်တို့က ခုနပြောတဲ့၊ ထားပါတော့ဗျာ အေရယ် ဘီရယ်ပေါင်းရင် စီ ဖြစ်တယ်ပေါ့။ အေကတော့ အနိမ့်ဆုံး အခြေခံလစာပေါ့။ ဘီကတော့ အချိန်ပိုလုပ်ခနဲ့ ဆုကြေးပေါ့။ ဆုကြေးဆိုတဲ့နေရာမှာ ထုတ်လုပ်မှုဆုကြေးပေါ့။ အဲဒါ ညီမျှခြင်း စီ ဖြစ်တာ။ စီ ကတော့ အိမ်ပါတဲ့ပိုက်ဆံ လစာပေါ့။ အခုဟာက စီ မှာက ပြဿနာမဖြစ်ဘူး။ အဲဒီမှာ စီ ကို အေ နေရာကို ရွှေ့တဲ့အခါကျတော့ ဘီ ပျောက်သွားတဲ့အတွက် ကျနော်တို့ အလုပ်လုပ်လို့မရဘူး” လို့ ပြောပါတယ်။

မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ နိုင်ငံတကာဈေးကွက် မရသေးခြင်း၊ အလုပ်သမားတွေက အလုပ်လုပ်နေကြတာထက် စက်ရုံတိုင်း ဆန္ဒပြနေကြခြင်း၊ တခြားလုပ်ငန်းတွေကို  မရွှေ့ပြောင်းခြင်းဖြစ်စဉ်တွေကို သူက ထောက်ပြပါတယ်။

သူက“အထည်ချုပ်စက်ရုံတွေမှာ လုပ်သားတွေက ဆန္ဒပြနေတဲ့သူက များသလား။ အလုပ်လုပ်နေတဲ့သူက များသလားဆိုတာ အဖြေပဲ” လို့ သူက ပြောပါတယ်။

ဒီလ ၁၇ ရက်နေ့ကျရင် အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးရှိသလို ဖိုရမ်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ဒီလအတွင်း ရှိတယ်လို့ ဆိုပါတယ်။

အနိမ့်ဆုံးအခကြေးငွေအတွက် အစိုးရ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေပါဝင်တဲ့ စုပေါင်းအဖွဲ့တွေဟာ နိုင်ငံတ၀န်းက မြို့ယ်ေပေါင်း ၁၀၀ ကျော်မှာ စစ်တမ်းကောက်ယူခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ ၀င်ငွေနည်းပါးမှုကြောင့် သန်းနဲ့ချီပြီး မြန်မာပြည်သားတွေ အိမ်နီးချင်းနိုင်ငံတွေမှာ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သွားရောက်အလုပ်လုပ်နေကြပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ  အနိမ့်ဆုံးတရက်လုပ်အားခအဖြစ် မြန်မာကျပ်ငွေ ကိုးထောင်ကျော်နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ သုံးရာသတ်မှတ်ပြဋ္ဌာန်းထားပါတယ်။

အလုပ်သမားဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးဝင်းရှိန်က ဒီလအတွင်းမှာ အနိမ့်ဆုံးအခကြေးငွေနဲ့ပတ်သက်လို့ ဖိုရမ်တခုကျင်းပဆွေးနွေးကြဖို့ရှိပြီး အဆိုပြု နှုန်းထားတခု ထွက်လာမယ်လို့ ပြောပါတယ်။

“အဓိကက အလုပ်သမားနဲ့ အလုပ်ရှင်နဲ့ကြားမှာ ညှိနှိုင်းပေးဖို့ပေါ့။ နောက်တခုက သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် ၁၅  ခု (နေပြည်တော်ကောင်စီနယ်မြေပါဝင်) မှာ ကျနော်တို့က အနည်းဆုံးအခကြေးငွေအဆိုပြုရေးကော်မတီရှိတယ်။ သက်ဆိုင်ရာ ပြည်နယ်တိုင်း ၁၅ ခုက လာ။ အဆိုပြုတဲ့နှုန်းရှိတယ်။ နောက် ဒေါက်တာဇော်ဦးတို့အဖွဲ့ရှိတယ်။ ကိုမျိုးအောင် (အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်) တို့ဆီကရော စစ်တမ်းကောက်တာတွေရှိတာပေါ့နော်။ အဲဒီနှစ်ခုကို နှိုင်းယှဉ်ပြီးတော့ ချပြတာ။ ကျနော်ထင်ပါတယ် ဖိုရမ်မှာ သင့်တော်တဲ့နှုန်းတော့ အဖြေထွက်မယ်လို့ ကျနော်ထင်တယ်။” လို့ ပြောပါတယ်။

အစိုးရအဖွဲ့မှာ နိုင်ငံတော်သမ္မတ ရဲ့ လစာဟာ သိန်းငါးဆယ်။ ဒုတိယသမ္မတတွေရဲ့ လစာငွေဟာ ကျပ်သိန်းလေးဆယ်ဖြစ်ပါတယ်။ မနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တုန်းက ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်တွေကို လစာငွေ သုံးသိန်းအစား ၁၀ သိန်းခံစားဖို့ တိုးမြှင့်ခဲ့သလို တစ်ရက်စာနေ့ တွက်ခကိုတော့ ကျပ်နှစ်သောင်း ရရှိခံစားဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စက်မှုဇုန်လုပ်သားစုစုပေါင်း သုံးသိန်းနီးပါးရှိတဲ့အထဲမှာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းမှာ ၂ သိန်း ၄ သောင်းခန့်ရှိတယ်လို့ သိရပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no
သက်တမ်းမကုန်ခင် အနည်းဆုံးအခကြေးငွေနှုန်းထား သတ်မှတ်မည်ဟု အစိုးရကတိပြု သက်တမ်းမကုန်ခင် အနည်းဆုံးအခကြေးငွေနှုန်းထား သတ်မှတ်မည်ဟု အစိုးရကတိပြု Reviewed by သစ်ထူးလွင် on 19:41 Rating: 5
Powered by Blogger.