အစိုးရအဖွဲ့ဝင်ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းများ ဆွေးနွေးဖို့ အတည်ပြု

ပြည်သူ့လွှတ်တော် အစည်းအဝေး နေပြည်တော်မှာ ကျင်းပစဉ် Photo: RFA
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေနဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်တွေ အတွက် သက်ဆိုင်ရာ နိုင်ငံရေး ပါတီ လုပ်ငန်းတွေ ဆောင်ရွက်ခွင့် ပေးထားတဲ့ ဥပဒေ ၇ ခုအပေါ်၊ ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီကနေ့ အတည်ပြု လိုက်ပါတယ်။

အဲဒီ ဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေတဲ့အတွက် ပြင်ဆင်ပေးဖို့ တင်သွင်းတာဖြစ်တယ် လို့ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦးက ပြောပါတယ်။

"ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ ၂ဝဝ၈ ခုနှစ်ပါ ပြဌာန်းချက်များအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် များနှင့် မဆန့်ကျင်ဘဲ ညီညွှတ်မှုရှိစေရန် လိုအပ်ပါတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၆ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁ဝ၃ တို့အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂ဝဝ၈ ခုနှစ်ပါ ပုဒ်မ ၆၄ နဲ့ မညီညွှတ်ဘဲ ဆန့်ကျင်လျှက်ရှိတယ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၇ ပုဒ်မခွဲ (ခ) ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂ဝဝ၈ ခုနှစ်ပါ ပုဒ်မ ၁၃၂၊ ပုဒ်မခွဲ့ (ဋ) တို့နဲ့ မညီညွှတ်ဘဲ ဆန့်ကျင်လျှက်ရှိတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၇ ပုဒ်မခွဲ (ဃ) တို့ကို ပြင်ဆင်ထားရှိသည့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဆွေးနွေး အတည်ပြုပေးနိုင်ပါရန် ပြည်သူ့လွှတ်တော် ဥက္ကဌကြီးမှတဆင့် လွှတ်တော်သို့ တင်သွင်းအပ်ပါတယ်"

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၊ ပြည်ထောင်စု တရားစီရင်ရေးဥပဒေ၊ ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ စတဲ့ ဥပဒေ ၇ခုဟာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖံွ့ဖြိုးရေးကောင်စီလက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေတွေဖြစ်ပြီး အဲဒီဥပဒေတွေမှာ အစိုးရအဖွဲ့ဝင်တွေဟာ "ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး နဲ့ နယ်မြေစည်းရုံးရေး လုပ်ငန်း" တွေကို ဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဌာန်းထားကြောင်း သိရပါတယ်။

ဥပဒေ ပါ"ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး နဲ့ နယ်မြေစည်းရုံးရေး လုပ်ငန်း"ဆိုတဲ့ စကားရပ်အစား "ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးလုပ်ငန်း" ဆိုတဲ့ စကားရပ်အဖြစ် ပြင်ဆင်ထားတဲ့ ဥပဒေကြမ်း ၇ခုကို ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးဖို့ အတည်ပြုလိုက်တာပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ ဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်တယ်ဆိုရင် ရွေးချယ်ခံရပြီးတဲ့နေ့ကစပြီး ပါတီလုပ်ငန်းတွေ ဆောင်ရွက်ခွင့် မရှိကြောင်း ပြဌာန်းထားတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
အစိုးရအဖွဲ့ဝင်ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းများ ဆွေးနွေးဖို့ အတည်ပြု  အစိုးရအဖွဲ့ဝင်ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းများ ဆွေးနွေးဖို့ အတည်ပြု Reviewed by သစ်ထူးလွင် on 06:30 Rating: 5
Powered by Blogger.