ပြည်ခိုင်ဖြိုးပါတီ ညီလာခံ ပြီးဆုံး

ပြည်ခိုင်ဖြိုး ပါတီ အောင်နိုင်ရေး ကော်မီတီ ဥက္ကဋ္ဌဌအဖြစ် သူရဦးရွှေမန်းကို ခန့်အပ်
လေးကြိမ်မြောက် ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပ ပြီးစီးသွားခဲ့ပြီ ဖြစ်ပြီး ဒီအစည်းအဝေးမှာ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဆုံးဖြတ်ချက် လေးရပ်ကို ချမှတ်ခဲ့ပါတယ်။

လက်ရှိ ပါတီဥက္ကဋ္ဌဌ သူရဦးရွှေမန်းရဲ့ လမ်းညွှန်ချက်တွေကို ပါတီ အဆင့်ဆင့်က လိုက်နာဖို့နဲ့ ပါတီ အောင်နိုင်ရေး ကော်မိတီ ဥက္ကဋ္ဌဌ အဖြစ် သူရဦးရွှေမန်းကို ခန့်အပ်လိုက်တဲ့ အကြောင်း ဗဟို ကော်မီတီဝင် ဦးသိန်းဆွေက ပြောပါတယ်။

သူရ ဦးရွှေမန်း အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်ထိ ပါတီကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

အများ စိတ်ဝင်စားနေတဲ့ သမ္မတလောင်း အမည်စာရင်းနဲ့ ပတ်သက်လို့တော့ ထုတ်ပြန် ကြေညာဖို့ မရှိဘူးလို သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု ဝန်ကြီးတွေအနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ် ဆိုရင်တော့ ဥပဒေအတိုင်းသာ ဆောင်ရွက်ရမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

တပ်မတော်ကနေ ထွက်ပြီး ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံမယ့် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါမှာတော့ ဦးသိန်းဆွေက ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးနဲ့ ပတ်သက်လို့ ဒီအစည်းအဝေးမှာ အခြေခံမူတွေ အတည်ပြုနိုင်ခဲ့ပြီးနောက် နှစ်ပတ်လောက်မှာတော့ ကိုယ်စားလှယ်လောင်း စာရင်းတွေ ထုတ်ပြန်နိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးမှာ ပါတီ ဗဟို အတွင်းရေးမှူး ဖြစ်တဲ့ လက်ရှိ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ကို ဗဟို အတိုင်ပင်ခံ အဖြစ် ရာထူး တိုးပေးခဲ့ပါတယ်။

ဒါ့အပြင် ပါတီ ဗဟို အကြံပေးတွေ ဖြစ်တဲ့ ဦးဇော်မင်း၊ ဦးခင်မောင်မြင့်နဲ့ ဦးသိန်းထွန်းတို့ကို ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင်များ အဖြစ် ပြောင်းလဲ ခန့်အပ် ခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအနေနဲ ၂၀၁၀ ရွေးကောက်ပွဲမှာ အငြင်းပွားစရာ အများစု နိုင်ခဲ့ပေမဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ ၄၃ နေရာ ရှုံးနိမ့်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ပြည်ခိုင်ဖြိုးပါတီ ညီလာခံ ပြီးဆုံး ပြည်ခိုင်ဖြိုးပါတီ ညီလာခံ ပြီးဆုံး Reviewed by သစ်ထူးလွင် on 04:46 Rating: 5
Powered by Blogger.