အမျိုးသမီးများ လိင်စိတ်နိုးကြားစေမည့်ဆေး အမေရိကန် အက်ဖ်ဒီအေ ခွင့်ပြုပြီ



လိင်စိတ်အားနည်းပြီး အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ အမေရိကန်အမျိုးသမီးတွေအတွက် လိင်စိတ်နိုးကြားစေမယ့် အမျိုးသမီး Viagra လိုဆေးတမျိုးကို အမေရိကန်ဆေးဝါးနဲ့အစားအစာထိန်းချုပ်ရေးအဖွဲ့ (အက်ဖ်ဒီအေ) က ဇွန် ၄ ရက်နေ့က ခွင့်ပြုလိုက်ပါတယ်။

အက်ဖ်ဒီအေ အကြံပေးအဖွဲ့က ၁၈ မဲ ၆ မဲနဲ့ ဒီဆေးကို ဈေးကွက်တင်ရောင်းချဖို့ ထောက်ခံခဲ့ပေမယ့် အလွတ်ထောက်ခံခဲ့တာမျိုးတော့ မဟုတ်ပါဘူး။

သုံးစွဲသူ အမျိုးသမီးတွေအနေနဲ့ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးကို ကောင်းကောင်းနားလည်သဘောပေါက်ဖို့ အသိပေးရမှာနဲ့ ဆရာဝန်ရဲ့ ထောက်ခံချက်ရယူဖို့ အကြံပြုထားပါတယ်။

ဒီဆေးကို လာမယ့် သြဂုတ်လမှာ တရားဝင်ထုတ်လုပ်ရောင်းချဖို့ ခွင့်ပြုလိုက်ရင်တော့ လိင်စိတ်ဆန္ဒ အားနည်းသူအမျိုးသမီးတွေနဲ့၊ အိမ်ထောင်ရေးအဆင်မပြေဖြစ်နေသူ အမျိုးသမီးတွေကို ကုစားနိုင်မယ့် ပထမဆုံးဆေးတမျိုးဖြစ်လာမှာပါ။

ပထမနှစ်ကြိမ်အဆိုပြုခဲ့တုံးကတော့ အက်ဖ်ဒီအေက ၂ ကြိမ်လုံး ပယ်ချခဲ့ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ သွေးပေါင်ကျတာ၊ အမှတ်မထင်သတိလစ် မေ့မျောနိုင်တဲ့အတွက် မတော်တဆ ထိခိုက်သေဆုံးအန္တရာယ်တွေဖြစ်နိုင်တာ၊ ဒီဆေးတွေနဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အခွင့်အရေးယူတာမျိုးတွေ ရှိလာနိုင်တာကိုလည်း အကြံပေးအဖွဲ့ဝင်တချို့က စိုးရိမ်မှုတွေရှိခဲ့တာပါ။

ဒီဆေးကို လက်ရှိလည်း စမ်းသပ်နေပြီး တရားဝင်ထုတ်ခွင့်ရအောင်လည်း ကြိုးစားနေတဲ့ Sprout ဆေး ကုမ္ပဏီကတော့ အမျိုးသားတွေအတွက် ဗီယာဂရာဆေးကိုတော့ ၁၉၉၈ ကတည်းက ခွင့်ပြုထားပြီး အမျိုးသမီးတွေအတွက် ခွင့်မပြုတာကတော့ ဘက်လိုက်တယ်ဆိုပြီး စွပ်စွဲခဲ့ပေမယ့် အက်ဖ်ဒီအေကတော့ ငြင်းဆိုပါတယ်။

ဆွေးနွေးပွဲတက်ရောက်လာတဲ့ အမျိုးသမီး ဆယ်ယောက်ကျော်ကလည်း သူတို့ လိင်စိတ်အားနည်းပြီးဖြစ်ရတဲ့ အိမ်ထောင်ရေးပြဿနာတွေကို အက်ဖ်ဒီအေ အကြံပေးအဖွဲ့ရှေ့မှောက်မှာ ဖွင့်ဟပြောဆိုခဲ့ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
အမျိုးသမီးများ လိင်စိတ်နိုးကြားစေမည့်ဆေး အမေရိကန် အက်ဖ်ဒီအေ ခွင့်ပြုပြီ အမျိုးသမီးများ လိင်စိတ်နိုးကြားစေမည့်ဆေး အမေရိကန် အက်ဖ်ဒီအေ ခွင့်ပြုပြီ Reviewed by သစ်ထူးလွင် on 10:11 Rating: 5
Powered by Blogger.