တောနက်ထဲက လူကုန်ကူး စခန်းမှာ ကလေးတွေပါ နေခဲ့ရ

လူကုန်ကူးခံရသူတွေ နေထိုင်ခဲ့ရတဲ့ နေရာထိုင်ခင်း (Credit: ABC) 
ထိုင်းနိုင်ငံ ​တောနက်အတွင်းက ​လူကုန်ကူးခံရသူတွေကို ​ထားတဲ့ ​စခန်းတွေမှာ ​ကလေးငယ်တွေလည်း ​နေထိုင်ခဲ့ရတယ်ဆိုတာကို ​အေဘီစီ ​သတင်းဌာနက ​တွေ့ခဲ့ရပါတယ်။

အဲဒီ ​စခန်း ​တွေကို ​လေ့လာတဲ့ ​အခါမှာ ​မြေပြင်ပေါ်မှာပဲ ​မိုးကာတွေ ​ခင်းပြီး ​အိပ်စက်ရတာတွေ၊ ​ဝါးတွေနဲ့ ​ပြုလုပ်ထားတဲ့ ​နေရာမှာ ​ခက်ခက်ခဲခဲ ​နေထိုင်ရတယ် ​ဆိုတာကို ​မြင်နိုင်တယ်လို့ ​သတင်း ​ယူခဲ့တဲ့ ​အေဘီစီ ​သတင်းထောက် ​Samantha ​Hawley ​က ​ပြောပါတယ်။

ထိုင်းနိုင်ငံ ​တောင်ပိုင်းစွန်းမှာ ​ရှိပြီး ​မလေးရှားနိုင်ငံနဲ့ ​နီးတဲ့ ​Padang ​Besar ​ဆိုတဲ့ ​မြို့အနားက ​တောနက်ထဲမှာ ​လူကုန်ကူးသူတွေ ​အသုံးပြုတဲ့ ​စခန်းကို ​ထားရှိတာ ​ဖြစ်ပါတယ်။

ထိုင်းရဲတွေ ​ဝင်စီးမယ်လို့ ​ကြိုတင်သတင်းရလို့ ​ပစ္စည်းသိမ်းချိန် ​မရလိုက်ပဲ ​ထွက်ပြေးခဲ့ရတယ်ဆိုတာကိုတော့ ​ကျန်ခဲ့တဲ့ ​ပစ္စည်းကို ​ကြည့်ပြီး ​သိနိုင်ပါတယ်။

လှမ်းထားတဲ့ ​အဝတ်အစားတွေ၊ ​ကလေးဖိနပ်တွေဆိုရင်လည်း ​နှစ်ဖက်စလုံး ​ကျန်ခဲ့တာတွေကို ​တွေ့ခဲ့ရပါတယ်။

Padan ​Besar ​ဒေသခံတွေကတော့ ​သူတို့ ​ဒေသမှာ ​လူကုန်ကူးမှု ​လုပ်ငန်း ​ရှိတယ်ဆိုတာကို ​နှစ်ပေါင်းများစွာ ​ကတည်းက ​သိကြပေမယ့် ​ဘယ်သူမှ ​မပြောရဲဘူးလို့ ​ဒေသခံ ​တစ်ဦးက ​ပြောပါတယ်။

အကြောင်းရင်းကတော့ ​လူကုန်ကူးမှုမှာ ​ပါဝင်တဲ့ ​လူတွေဟာ ​သြဇာ ​အာဏာ ​ကြီးမားသူတွေ၊ ​ငွေကြေး ​ချမ်းသာသူတွေ ​ဖြစ်တာကြောင့် ​မပြောရဲကြဘူးလို့ ​ဆိုပါတယ်။

ထိုင်းစစ်အစိုးရက ​လူကုန်ကူးမှု ​တိုက်ဖျက်လာပြီး ​နောက်ပိုင်းမှသာ ​လူကုန်ကူးသူတွေ ​အသုံးပြုတဲ့ ​စခန်းဟောင်းတွေကို ​တောထဲမှာ ​တွေ့ရှိပြီး ​အလောင်းပေါင်း ​၁၀၀ ​ကျော်ကိုလည်း ​တူးဖော်နိုင်ခဲ့ပါတယ်။

အဲဒီလို ​စခန်းတွေကနေ ​ပင်လယ်ထဲ ​ထွက်ပြေးကြရင်း ​ပင်လယ်ပြင်မှာ ​ထောင်နဲ့ချီ ​သောင်တင်ကြရာက ​ဒီကိစ္စကို ​ကမ္ဘာက ​သိသွားတာ ​ဖြစ်ပါတယ်။

ရိုဟင်ဂျာနဲ့ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံသားတွေ ​အဲဒီနေရာမှာ ​ပို့ဆောင်ခံရပြီး ​တခါတလေ ​တခြား ​နိုင်ငံကို ​ရောက်သွားပေမယ့် ​တခါတလေ ​လူကုန်ကူးသူတွေက ​သူတို့ရဲ့ ​မိဘဆွေမျိုးတွေကို ​ငွေတောင်းပြီး ​ငွေကြေးရမှပဲ ​ပြန်လွတ်ပေးတာတွေ ​ခံရတဲ့ ​နေရာလည်း ​ဖြစ်ပါတယ်။

အဲဒီ ​စခန်းမှာ ​ရောက်လာတဲ့ ​ရိုဟင်ဂျာ ​အမျိုးသမီးငယ်တွေကို ​အစောင့်တွေက ​အစုလိုက် ​အပြုံလိုက် ​မုဒိမ်းကျင့်လို့ ​ကိုယ်ဝန်ရသွားတာမျိုးလည်း ​ရှိတယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံ ​ရခိုင်ပြည်နယ်မှာ ​ဘာသာရေး ​လူမျိုးရေး ​ဆန်တဲ့ ​ပဋိပက္ခတွေ ​ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ​လူကုန်ကူး ​စခန်းကို ​ရောက်ရှိလာသူတွေ ​ပိုများပြီး ​လူကုန်ကူးတဲ့ ​စီးပွားကလည်း ​ပိုပြီး ​တွင်ကျယ်လာတယ်လို့ ​ဒေသခံတွေက ​အေဘီစီကို ​ပြောပြခဲ့ပါတယ်။

Samantha ​Hawley ​ရိုက်ကူးထားတဲ့ ​ဗီဒီယိုကိုလည်း ​ကြည့်ရှုနိုင်အောင် ​တင်ထားပေးပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
တောနက်ထဲက လူကုန်ကူး စခန်းမှာ ကလေးတွေပါ နေခဲ့ရ  တောနက်ထဲက လူကုန်ကူး စခန်းမှာ ကလေးတွေပါ နေခဲ့ရ Reviewed by သစ်ထူးလွင် on 10:23 Rating: 5
Powered by Blogger.