လွှတ်တော်မှာ နားမလည်ပဲ ဆွေးနွေးနေသူတွေကို သူရဦးရွှေမန်း သတိပေး


 လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နားမလည်ကြပဲ ဆွေးနွေးတာဟာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ သတိပေး ပြောကြား ခဲ့ပါတယ်။

အရင်စစ်အစိုးရ လက်ထက်ကတည်းကရှိခဲ့တဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ တာဝန်ပိုင်းဆိုင်ရာ ဥပဒေ ၇ ခုကို ပြင်ဆင်ဖို့ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကျန်ကိုယ်စားလှယ်တွေ ဒီနေ့ဆွေးနွေးရာမှာ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သတိပေးလိုက်တာဖြစ်ပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိ မရှိ၊ ဆန့်ကျင်ခြင်း ရှိ မရှိ ဆုံးဖြတ်ပေးရမယ့်အဖွဲ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးပဲဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်များလည်း ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ လူကြီးမင်းတို့ရဲ့ ပြောဆိုဆွေးနွေးချက်တွေဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်မှာရှိတဲ့ အရည်အချင်း၊ သိရှိရမယ့် ဥပဒေတွေကိုမသိပဲနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးမယ်ဆိုရင် လွှတ်တော်သိက္ခာကျပါတယ်၊ အဲ့ဒီလွှတ်တော်ကိုလည်း သိက္ခာကျပါတယ်၊ လွှတ်တော်ထဲလာထိုင်ပြီးတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာလည်းမတက်ထားပဲနဲ့ ပြောဆိုနေတာဟာ အဲ့ဒီလွှတ်တော် ကိုယ်စားလှယ်အတွက်ရော အဲ့ဒီလွှတ်တော်အတွက်လည်း သိက္ခာကျပါတယ်"

ဒါ့အပြင် လွှတ်တော်ထဲမှာ မလိုအပ်ပဲ အချိန်ကုန်တာတွေကြောင့် လွှတ်တော် ဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းက သူ့ကိုယ်သူ သနားကြောင်း အခုလို ပြောခဲ့ပါတယ်။

"သနားတယ် သနားစရာကောင်းတဲ့လူလည်း သနားတယ်၊ မိမိလွှတ်တော်ဥက္ကဌကိုလည်း သနားတယ်၊ စာနာသင့်တဲ့သူကိုလည်း စာနာပါတယ်၊ အဲ့ဒီအတိုင်းပဲ မိမိကိုလည်း စာနာပေးကြပါ၊ မလိုအပ်ပဲ လွှတ်တော်ထဲမှာ အချိန်တွေကုန်ဆုံးခြင်းအားဖြင့် မိမိတို့ လွှတ်တော်မှာလုပ်ရမယ့်ကိစ္စတွေ အများကြီးကျန်ရှိနေပါတယ်၊ ဒီအပေါ်ထိုင်ရတဲ့ ကိစ္စကိုလည်း သနားပေးကြပါ၊ စာနာပေးကြပါ အဲ့ဒီအတိုင်းပဲ တချို့တင်ပြပြောဆိုနေတာအတွက်လည်း စာနာပါတယ်၊ သနားလည်း သနားပါတယ်"

ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ၊ ပြည်ထောင်စု တရားစီရင်ရေးဥပဒေ၊ ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ စတဲ့ ဥပဒေ ၇ ခုဟာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖံွ့ဖြိုးရေးကောင်စီလက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေတွေဖြစ်ပြီး အဲ့ဒီဥပဒေတွေမှာ အစိုးရအဖွဲ့ဝင်တွေဟာ "ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်း" တွေကို ဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။

အခုပြင်ဆင်ထားတဲ့ မူကြမ်း ၇ ခုမှာ "ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်း" ဆိုတဲ့ စကားရပ်အစား ပါတီဆိုတဲ့စကားလုံးသာဖြုတ်ပြီး "ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးလုပ်ငန်း" ဆိုတဲ့ စကားရပ်အဖြစ် ပြင်ဆင်ထားတာဖြစ်ပါတယ်။

အဲ့ဒီလိုပြင်ဆင်ချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မညီကြောင်း တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်တယ်ဆိုရင် ရွေးချယ်ခံရပြီးတဲ့နေ့ကစပြီး ပါတီလုပ်ငန်းတွေ ဆောင်ရွက်ခွင့်မရှိကြောင်း ပြဌာန်းထားတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
လွှတ်တော်မှာ နားမလည်ပဲ ဆွေးနွေးနေသူတွေကို သူရဦးရွှေမန်း သတိပေး  လွှတ်တော်မှာ နားမလည်ပဲ ဆွေးနွေးနေသူတွေကို သူရဦးရွှေမန်း သတိပေး Reviewed by သစ်ထူးလွင် on 21:39 Rating: 5
Powered by Blogger.