ဒေါ်အောင်ဆန်းစုကြည် တရုတ်နိင်ငံသို့ ပထမဦးဆုံးအကြိမ် အလည်အပတ်ရောက်ရှိ


မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ နေကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၁၀ ရက်နေ့ မနက်က မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ယင်းသည် သူမအတွက် တရုတ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် သွားရောက်ခြင်း ဖြစ်သည်။ အဆိုပါခရီးစဉ်အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အထူးစိတ်ဝင်စားလျက်ရှိပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘေကျင်းက ထားရှိသည့် သဘောထားကို သိမြင်ခွင့် ရရှိကြမည်ဖြစ်သည်။

အင်္ကျီအဖြူဝတ်ဆင်၍ ပန်းရောင်ပ၀ါ စလွယ်သိုင်းထားသော ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဝင်များက ၀န်းရံ၍ လေဆိပ်မှအထွက် အနက်ရောက်ကားတစီးဖြင့် ထွက်ခွာသွားကြောင်း AFP မှ သိရသည်။

အနောက်အုပ်စုက ပိတ်ဆို့ထားသည့်ကာလတလျောက် ဘေကျင်းသည် မြန်မာစစ်အစိုးရအပေါ် တောက်လျောက် ကျောထောက်နောက်ခံပေးခဲ့သည်။

တရုတ်က စစ်အုပ်စုကို ကျောထောက်နောက်ခံပေးခဲ့သည့် ဖြစ်စဉ်များကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူမ၏ ဆုံးဖြတ်ချက်များကို လွှမ်းမိုးခံလိမ့်မည် မဟုတ်ကြောင်း သြစတြေးလျအမျိုးသားတက္ကသိုလ်မှ မြန်မာအရေးကျွမ်းကျင်သူ Nicholas Farrelly က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ရွေးကောက်ပွဲ အနိုင်ရရှိဖို့ကိုပဲ အာရုံစိုက်နေတာပါ။ ဒီခရီးစဉ်အပေါ် သူမအနေနဲ့ လက်တွေ့ကျကျပဲ ရှုမြင်မှာ ဖြစ်ပါတယ်။ စိတ်ခံစားချက်တွေကို ဦးစားပေးမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့အနာဂတ်မှာ တရုတ်က ဘယ်လောက်အရေးပါတယ်ဆိုတာ သူမ သိပါတယ်။”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြုနစ်ပါတီ၏ဖိတ်ကြားချက်အရ သွားရောက်ခြင်း ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ၀န်ကြီးချုပ် လီကာကျန်းတို့နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ တရုတ်နိုင်ငံတွင် ရှိနေစဉ်အတွင်း နိုင်ငံတော်ဧည့်ဂေဟာတွင် တည်းခိုမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သော လပိုင်းအတွင်းက တရုတ်-မြန်မာနယ်စပ်တွင် အစိုးရစစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တရုတ်-မြန်မာ ဆက်ဆံရေး အနည်းငယ် အေးခဲသွားခဲ့ရသည်။

တရုတ်အစိုးရအာဘော်သတင်းစာ Global Times က အယ်ဒီတာ့အာဘော်တွင် မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဝေဖန်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံရေးအခြေအနေကို ပိုမိုရှုပ်ထွေး သွားစေသည်ဟု ရေးသားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဒေါ်အောင်ဆန်းစုကြည် တရုတ်နိင်ငံသို့ ပထမဦးဆုံးအကြိမ် အလည်အပတ်ရောက်ရှိ  ဒေါ်အောင်ဆန်းစုကြည် တရုတ်နိင်ငံသို့ ပထမဦးဆုံးအကြိမ် အလည်အပတ်ရောက်ရှိ Reviewed by သစ်ထူးလွင် on 21:22 Rating: 5
Powered by Blogger.