မြန်မာက အိမ်ရှင်စင်ကာပူကို ၂-၁ ဂိုးဖြင့် အနိုင်ယူ


စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စု (က) ဒုတိယပွဲစဉ်မှာ မြန်မာ ယူ-၂၃ အသင်းက စင်ကာပူအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ပွဲစစချင်းမှာပဲ မြန်မာအသင်းက အလျင်မြန် တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ ဒီနောက်မှာတော့ ၇ မိနစ်မှာ မြန်မာအသင်းက ပြစ်ဒဏ်ဘောရရှိပါတယ်။ ပြစ်ဒဏ်ဘောကို ဂိုးရှေ့ချပေးရာမှာ စင်ကာပူက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

၁၀ မိနစ်လောက်မှာ စင်ကာပူက ပြစ်ဒဏ်ဘော ရရှိခဲ့ပြီး ကန်သွင်းရာမှာ ဂိုးလွန်ဘောဖြစ်သွားပါတယ်။ ၁၄ မိနစ်မှာတော့ မြန်မာအသင်း နောက်တန်းကစားသမားတွေ အချိတ်အဆက်လွဲရာကနေ စင်ကာပူရှေ့တန်းလူ ကန်သွင်းခဲ့ပေမယ့် မြန်မာနောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ စင်ကာပူအသင်းက နံပါတ် ၆ နဲ့ မြန်မာအသင်းက လှိုင်းဘိုဘိုနဲ့ အပြန်အလှန် ထိခိုက်မိခဲ့လို့ လှိုင်းဘိုဘိုကို ထမ်းစင်နဲ့ ထုတ်ခဲ့ရပေမယ့် ကြီးကြီးမားမား ဒဏ်ရာရမှု မရှိခဲ့ပါဘူး။

၂၃ မိနစ်မှာ စင်ကာပူအသင်းက ထောင့်ကန်ဘောရရှိပြီး ကန်တင်လို့ ခေါင်းတိုက်သွင်းရာမှာ ဂိုးလွန်ဘောဖြစ်သွားခဲ့ပါတယ်။

၂၄ မိနစ်မှာတော့ စင်ကာပူ ဂိုးဧရိယာ ဘယ်ခြမ်းမှာ မြန်မာအသင်းက ပြဒဏ်ဘောရရှိပြီး ဂိုးရှေ့ကန်တင်ရာမှာ မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်းက သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၂၈ မိနစ်မှာ စင်ကာပူအသင်းက ထောင့်ကန်ဘော ရရှိခဲ့ပြီး ကန်တင်ရာမှာ မြန်မာအသင်းက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

မြန်မာအသင်းဟာ ဦးဆောင်ဂိုးရပြီးနောက်ပိုင်း တောက်လျှောက်ဖိကစားခဲ့ပေမယ့်  ၃၂ မိနစ်မှာ စင်ကာပူက ပြစ်ဒဏ်ဘောရရှိပြီး ဂိုးရှေ့ကန်တင်ရာမှာ မြန်မာဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ ဒီနောက် စင်ကာပူက ကျောနံပါတ် ၂ က မြန်မာဂိုးသမားကို လက်နဲ့ ပုတ်ခဲ့ပေမယ့် ဒိုင်က ပြစ်ဒဏ်ဘောအဖြစ် မသတ်မှတ်ခဲ့ပါဘူး။

၃၄ မိနစ်မှာတော့  မြန်မာနောက်ခံလူတွေ ဖျက်ထုတ်ရာမှာ လက်ထိဘောဖြစ်သွားလို့ စင်ကာပူကို ဒိုင်က ပင်နယ်တီပေးခဲ့ပါတယ်။ အဲဒီပင်နယ်တီကို စင်ကာပူရှေ့တန်းလူ ကျောနံပါတ် ၁၀ က ဂိုးသမားရဲ့ ညာဘက်ထောင့်ကို ကန်သွင်းယူခဲ့ပါတယ်။

ဒီနောက်မှာတော့ မြန်မာအသင်းနဲ့ စင်ကာပူအသင်းဟာ ပထမပိုင်းပြီးဆုံးချိန်အထိ နှစ်ဖက် အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပေမယ့် တဖက်နဲ့တဖက် ဂိုး ထပ်မသွင်းနိုင်ပဲ သရေနဲ့ ပြီးဆုံးသွားပါတယ်။

မြန်မာအသင်းရဲ့ ဦးဆောင်ဂိုးဂိုတော့ ပထမပိုင်း ပွဲချိန် ၂၄ မိနစ်မှာ စင်ကာပူ ဂိုးဧရိယာ ဘယ်ခြမ်းမှာ ပြဒဏ်ဘောရရှိပြီး ဂိုးရှေ့ကန်တင်ရာမှာ မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်းက သွင်းယူခဲ့ပါတယ်။ စင်ကာပူအသင်းရဲ့ ခြေပဂိုးကိုတော့ ပွဲချိန် ၃၄ မိနစ်မှာ ပင်နယ်တီကတဆင့် သွင်းယူခဲ့ပါတယ်။

ပထမပိုင်းတပွဲလုံးမှာ မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး စင်ကာပူအသင်းကတော့ အဝေးဘောတွေနဲ့ ပြန်လည်ခြိမ်းခြောက်ကစားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ စင်ကာပူအသင်းက အိမ်ရှင်အသင်းပီပီပြန်လည်ဖိကစားခဲ့ပြီး မြန်မာအသင်းကို ပြန်လည်ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲစဉ် ၆၁ မိနစ်မှာ မြန်မာအသင်းက ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ အဲဒီပြစ်ဒဏ်ဘောကို မြန်မာအသင်းရဲ့ အလယ်တန်းကစားသမား ကျောနံပါတ် ၂၁ ရဲကိုဦးက မြေထောင့်သွင်းယူပြီး ၂-၁ ဂိုးနဲ့ ဆက်လက်ဦးဆောင်ပါတယ်။

၆၆ မိနစ်မှာတော့ မြန်မာအသင်းက နောက်တန်းကစားသမား ကျော်ဇင်လွင်အစား ရဲဝင်းအောင်က လူစားလဲဝင်ကစားခဲ့ပါတယ်။ ဒီနောက် ဒိုင်က မြန်မာအသင်းဂိုးသမား ကျော်ဇင်ဖြိုး ဘောလုံးကန်တင်ရာမှာ အချိန်ဆွဲတယ်ဆိုပြီး အ၀ါကတ်ပြခဲ့ပါတယ်။

စင်ကာပူအသင်းဟာ ပွဲစဉ်တလျှောက်လုံး အိမ်ရှင်အသင်းဖြစ်တာနဲ့အညီ မာမာထန်ထန်နဲ့ ကစားတာ ကြမ်းခဲ့ပါတယ်။ ပွဲချိန် ၈၀ မှာတော့ မြန်မာအသင်း ဂိုးဧရိယာထိပ်နားမှာ စင်ကာပူက ထောင့်ကန်ဘောရပြီး ကန်သွင်းရာမှာ မြန်မာအသင်းရဲ့ ညာဘက်ဂိုးဘေးကို ကျော်ထွက်သွားခဲ့ပါတယ်။ စင်ကာပူအသင်းက တိုက်စစ်ကိုမြှင့်တင်ပြီး ချေပိုဂိုး ပြန်လည်ရရှိဖို့ ကြိုးစားခဲ့ပါတယ်။

ဒီနောက်မှာတော့ ပွဲစဉ်ပြီးဆုံးချိန်အထိ တဖက်နဲ့တဖက် အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပေမယ့် ဂိုး သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ မြန်မာအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

မြန်မာအသင်းဟာ ဒီပွဲအနိုင်ကြောင့် အုပ်စု (က) မှာ နှစ်ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး အိမ်ရှင်စင်ကာပူအသင်းကတော့ ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၃ မှတ်ရ နေပါတယ်။

မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းနဲ့ ဇွန် ၇ ရက်နေ့၊ ကမ္ဘောဒီးယားအသင်းနဲ့ ၁၀ ရက်နေ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
မြန်မာက အိမ်ရှင်စင်ကာပူကို ၂-၁ ဂိုးဖြင့် အနိုင်ယူ မြန်မာက အိမ်ရှင်စင်ကာပူကို ၂-၁ ဂိုးဖြင့် အနိုင်ယူ Reviewed by သစ်ထူးလွင် on 21:38 Rating: 5
Powered by Blogger.