အထပ်မြင့်တိုက်ပေါ်မှ လုပ်သားတစ်ဦး ပြုတ်ကျသေဆုံး


မန္တလေး ဇွန် ၃၀

ယနေ့ညနေ သုံးနာရီဆယ့်ငါးမိနစ် အချိန်က မန္တလေးမြို့၊ ၈၄လမ်း၊ ၃၉x၄၀ကြားရှိ ဆောက်လက်စ အထပ်မြင့် တိုက်တလုံး၏ အပေါ်ထပ်မှ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံး ခဲ့ကြောင်း သိရသည်။

အသက်၄၇နှစ်အရွယ်ရှိ ရေပိုက်ဆင်လုပ်သား ဦးသောင်းမြင့်မှာ အဆိုပါ အဆောက်အဦး၏ အပေါ်ဆုံးထပ်မှ လေးလွှာသို့ပြုတ်ကျခဲ့ကာ ဦးခေါင်းအုတ်ဆက်ကွဲ၊ နှာခေါင်းသွေးထွက်၊ ဖူးရောင်၊ ခါးရိုး၊ တင်ပါးသွေးထွက်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အခင်းဖြစ်နေရာသို့ လာရောက်စစ်ဆေးနေသည့် ရဲအရာရှိတစ်ဦး၏ ရဲမှတ်တမ်းရေးသား ဖော်ပြချက်များအရ သိရသည်။

ဆောက်လုပ်ရေး ဆိုက်တာဝန်ရှိသူ အင်ဂျင်နီယာတစ်ဦးက မိမိမှာ အခင်းဖြစ်ပြီးမှ
ရောက်လာခြင်းဖြစ်သောကြောင့် ဘာမှ ရေရေရာရာ မပြောနိုင်သေးကြောင်း ပြောသည်။

အဆိုပါ အထပ်မြင့်တိုက်မှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ စာအမှတ် ၃.၂၁၉/၄၇၇ခွင့်ပြုချက်ဖြင့် ၁၂.၃.၂၀၁၄က စတင်ဆောက်လုပ်ခြင်းဖြစ်ပြီး
အင်ဂျင်နီယာဦးစန်းကြူက တာဝန်ယူဆောက်လုပ်နေသည့် မြေအောက်ထပ်+အာစီ၂၇ထပ်ရှိ အဆောက်အဦးဖြစ်သည်။

ယခုကဲ့သို့ ဆောက်လုပ်ရေး လုပ်သား သေဆုံးခြင်းမှာ သုံးဦးမြောက်ဖြစ်ပြီး
ပထမတစ်ဦးမှာ တိုက်အပေါ်ထပ်မှ သစ်သားတုံး ပြုတ်ကျကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး
ဒုတိယတစ်ဦးမှာ ဂဟေဆော်ရာမှ သေဆုံးခြင်း ဖြစ်ကြောင်း အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ ရပ်ကွက်နေပြည်သူများက ပြောသည်။

The Union Daily
https://www.facebook.com/pages/The-Union-Daily
အထပ်မြင့်တိုက်ပေါ်မှ လုပ်သားတစ်ဦး ပြုတ်ကျသေဆုံး  အထပ်မြင့်တိုက်ပေါ်မှ လုပ်သားတစ်ဦး ပြုတ်ကျသေဆုံး Reviewed by သစ်ထူးလွင် on 17:58 Rating: 5
Powered by Blogger.