ဒေါ်စုနဲ့ ယုံကြည်မှု တိုးနိုင်ဖို့ တရုတ်မျှော်လင့်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (Credit: Audience Submitted) 
အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​ဒီမနက် ​အစောကြီးမှာပဲ ​တရုတ်နိုင်ငံဆီကို ​ထွက်ခွာသွားပြီ ​ဖြစ်ပါတယ်။ ​မြန်မာနိုင်ငံဆိုင်ရာ ​တရုတ်သံမတ်ကြီးအပါအဝင် ​NLD ​ပါတီက ​အကြီးအကဲတွေက ​လေဆိပ်အထိ ​လိုက်ပါ ​ပို့ဆောင်ခဲ့ကြပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ​ဒေါ်အောင်ဆန်းစုကြည်ကို ​တရုတ် ​အစိုးရ ​ဖိတ်ခေါ်တာက ​မသက်မသာ ​ခံစားရမှာ ​ဖြစ်တယ်လို့ ​သုံးသပ်ကြပါတယ်။

အကြောင်းရင်းကတော့ ​နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ​Liu ​Xiaobo ​ကို ​တရုတ်အစိုးရက ​ထောင်ချထားသလို၊ ​နိုင်ငံရေး ​လှုပ်ရှားသူကိုလည်း ​နှိမ်နင်းမှုတွေ ​လုပ်ခဲ့တာ ​ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ​ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​Liu ​Xiaobo ​ကိစ္စကို ​တရုတ်အစိုးရအပေါ် ​ဖိအားပေးဖို့ ​လှုပ်ရှားသူတွေက ​တိုက်တွန်းထားပြီး ​ဒေါ်အောင်ဆန်းစုကြည်ကသာ ​တရုတ်အစိုးရကို ​တကယ် ​တိုက်တွန်းမှု ​လုပ်မယ်ဆိုရင် ​တရုတ်အစိုးရအတွက် ​အရှက်ရစရာ ​ဖြစ်မယ်လို့ ​သုံးသပ်နေကြပါတယ်။

ဇွန်လ ​၁၀ ​ရက်ကနေ ​၁၄ ​ရက်အထိ ​ကြာမယ့် ​တရုတ် ​ခရီးစဉ်အတွင်း ​ဒေါ်အောင်ဆန်းစုကြည်က ​တရုတ်သမ္မတ ​ရှီကျင်ပင်း၊ ​ဝန်ကြီးချုပ် ​လီခါချန်နဲ့ ​တွေ့ဆုံမှာ ​ဖြစ်ပေမယ့် ​ပြည်သူတွေနဲ့ ​တွေ့ဆုံမှု ​ရှိမရှိဆိုတာကိုတော့ ​မသိရသေးပါဘူး။

မြန်မာ ​လက်နက်ကြီးတွေ ​တရုတ်နယ်စပ်ထဲ ​ကျရောက်တဲ့အပေါ် ​တရုတ်အစိုးရက ​မကျေနပ်တာတွေ၊ ​အနောက်တိုင်း ​နိုင်ငံတွေက ​မြန်မာ ​အစိုးရနဲ့ ​ရင်းနှီးလာတဲ့အပေါ် ​စိုးရိမ်မှုတွေကြောင့် ​တရုတ်အစိုးရက ​အတိုက်အခံ ​ပါတီ ​ခေါင်းဆောင်နဲ့ ​ရင်းနှီးမှု ​ရယူတဲ့အနေနဲ့ ​ဖိတ်ခေါ်တာ ​ဖြစ်မယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

တရုတ်နိုင်ငံခြားရေး ​ဝန်ကြီးကတော့ ​ဒီခရီးစဉ်ကြောင့် ​မြန်မာနဲ့ ​တရုတ်နိုင်ငံအကြား ​နားလည်မှုတွေ၊ ​ယုံကြည်မှုတွေ ​ပိုတိုးလာဖို့ ​မျှော်လင့်ကြောင်း ​ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံ ​ခရီးစဉ်အတွင်း ​ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ​လွှတ်တော် ​ကိုယ်စားလှယ် ​ဖြိုးဇေယျာသော်၊ ​ဦးဖြိုးမင်းသိန်းနဲ့ ​ဒေါ်အောင်ဆန်းစုကြည် ​ရုံးတာဝန်ခံ ​ဒေါက်တာ ​တင်မာအောင်တို့လည်း ​လိုက်ပါသွားတယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဒေါ်စုနဲ့ ယုံကြည်မှု တိုးနိုင်ဖို့ တရုတ်မျှော်လင့် ဒေါ်စုနဲ့ ယုံကြည်မှု တိုးနိုင်ဖို့ တရုတ်မျှော်လင့် Reviewed by သစ်ထူးလွင် on 21:07 Rating: 5
Powered by Blogger.