အချုပ်ခန်းဖောက်ပြေးသူကို ဖမ်းသည့် ရဲတပ်ဖွဲ့ကို ခုခံ၍ ပစ်ခတ်မှုဖြစ်ပွား၊ ၁ ဦး သေဆုံး


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲမှာ အချုပ်ခန်းဖောက်ထွက်ပြေးသွားတဲ့ တရားခံကို တာဝန်ကျ ရဲဝန်ထမ်းတွေက လိုက်လံဖမ်းဆီးစဉ် တရားခံရဲ့ဆွေမျိုးတွေက ၀ိုင်းဝန်းခုခံ ရန်ပြုတဲ့အတွက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လက စေတီပြင်ရဲစခန်း အချုပ်ကနေ တရားခံ ၆ ဦး ထွက်ပြေးသွားပြီး သူတို့ထဲက တဦးဟာ အောက်နန်းကျေးရွာမှာ ခိုလှုံနေကြောင်း သတင်းရတဲ့အတွက် ဇွန်လ ၉ ရက် ည ၁၁ နာရီက ၀င်ရောက်ဖမ်းဆီးစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ စေတီပြင်ရဲစခန်း တာဝန်ကျရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

“၆ ယောက်ပြေးတဲ့အထဲက တယောက်ပြန်မိပါတယ်ခင်ဗျ။ နာမည်က ကာလာရာ (ခ) အီမာဟူဆောင်း၊ အသက် ၃၇ နှစ်။ သွားဖမ်းတဲ့အခါ သူ့အိမ်သားတဦးက ရဲဝန်ထမ်းကို ဓားနဲ့ ပြန်ပြီးခုခံတယ်။ အဲဒီရဲက သူ့ကိုယ်သူ ကာကွယ်တဲ့အနေနဲ့ သေနတ်နဲ့ပြန်ပစ်တော့ သူက ထွက်ပြေးသွားတယ်။ ဇွန်လ ၁၀ ရက် မနက်စောစောကျတော့ သူတို့အိမ်ရဲ့ တောင်ဘက်မှာ ဓားကိုင်ပြီး သေဆုံးနေတာ တွေ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက လာပြီးအကြောင်းကြားလို့  အခုရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်။”

သေဆုံးသူရဲ့အမည်၊ အသက်နဲ့ သေဆုံးရတဲ့ ဒဏ်ရာတွေပေါ်မှာလည်း စစ်ဆေးနေဆဲပဲလို့ သူက ဆက်ပြောပါတယ်။

ကျန်တဲ့ တရားခံပြေး ၅ ဦးမှာလည်း တချို့က အဲဒီနီးနားတ၀ိုက်မှာ ရှိနေသလို တချို့က ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတယ်လို့ ကြားသိရတဲ့အတွက် သူတို့အားလုံးကို ဖမ်းဆီးရမိဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရော၊ ဘင်္ဂလားဒေ့ရှ်က ရဲတပ်ဖွဲ့ကိုပါ အကြောင်းကြားထားပြီး အားလုံးဖမ်းမိနိုင်အောင်  ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရဲအရာရှိက ပြောပါတယ်။

အဆိုပါ တရားခံ ၆ ဦးမှာ ဒီနှစ်ဆန်းပိုင်းက ပုဒ်မ ၃၅၃ တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ စေတီပြင်ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာဖြစ်ပြီး မတ်လ ၁၇ ရက်နေ့ မနက်က အချုပ်ခန်း သံတိုင်တွေကို ပုဆိုးစအသုံးပြု ဆွဲဖြုတ်ပြီး ထွက်ပြေးလွတ်မြောက်နေတာ ဖြစ်ပါတယ်။

 By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no
အချုပ်ခန်းဖောက်ပြေးသူကို ဖမ်းသည့် ရဲတပ်ဖွဲ့ကို ခုခံ၍ ပစ်ခတ်မှုဖြစ်ပွား၊ ၁ ဦး သေဆုံး  အချုပ်ခန်းဖောက်ပြေးသူကို ဖမ်းသည့် ရဲတပ်ဖွဲ့ကို ခုခံ၍ ပစ်ခတ်မှုဖြစ်ပွား၊ ၁ ဦး သေဆုံး Reviewed by သစ်ထူးလွင် on 14:13 Rating: 5
Powered by Blogger.