မိုးကြီးပြီး ထူးကဲဒီရေတက်ရာမှ စစ်တွေမြို့ တွင် ရပ်ကွက် ၂၀ ခန့်ရေမြုပ်

( စစ်တွေတွင် ယနေ့ ရေကြီးနေစဉ်)
စစ်တွေ၊ ဇွန် ၂၆

မိုးအဆက်မပြတ်ရွာသွန်းပြီး ထူးကဲဒီရေတက်ရာမှ စစ်တွေမြို့ ရပ်ကွက် ၂၀ ခန့်တွင် ၂ ပေမှ ၃ ပေထိ ရေနစ်မြုပ်နေခဲ့သည်ဟု ဒေသန္တရ ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယနေ့ နေ့လယ်ပိုင်းတွင် ဒီရေနှင့် အတူ ရေပြန်ကျသွားသော်လည်း မြေနိမ့်ပိုင်း ရပ်ကွပ်အချို့မှာ ရေနစ်မြုပ်နေတုန်း ဖြစ်ကြောင်း သိရသည်။

ရေမြုပ်သော ရပ်ကွက်များမှာ လမ်းမတော်တောင်၊ ရွှေပြားမြောက်၊ ရွှေပြားတောင်၊ ကျေးပင်တန်း၊ အုန်းတစ်ပင်၊ ဆင်ကူးလမ်း၊ လမ်းမတော်မြောက်၊ လမ်းသစ်၊ တရားသီးစု၊ ရူပတောင်၊ အိုးတန်း၊ မိဇံ၊ ကန်တော်ကြီး၊ ကျောင်းတက်လမ်း၊ မောလိပ်၊ ဘောက်သီးစု၊ မြို့သူကြီး၊ မကျည်းမြိုင်၊ ဘောလုံးကွင်း၊ ဓည၀တီ (ခ)၊ မင်းဂံ၊ ကသည်းရွာ၊ ကုန်တန်း၊ မြို့သူကြီး ရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။

“ဇွန် လ ၂၁ ရက်နေ့မှ ၂၆ နေ့ထိ တစ်ပတ်ဆက်တိုက် ရွာသွန်းတယ်။ အညာရေပေါက်တယ်။ ဒီရေ တက်လာတော့ အဆင်းရေနဲ့ အတက်ရေတိုးပြီး မြုပ်တာပါ။ ဒီရေကျချိန်မှာတော့ ရေက ပြန်ဆင်းသွားတယ်။ လက်ရှိ မြေနိမ့်တဲ့ ရပ်ကွက်အချို့ကလွဲပြီး ရေက ပြန်ကျသွားပါပြီ။ မနှစ်ကလည်း ဒီတိုင်းပါပဲ”ဟု တရားသီးစုရပ်ကွက်ရှိ ဒေသန္တရဆေးပေးခန်းမှ တာဝန်ရှိ သူနာပြုဆရာမတစ်ဦးက နိရဉ္စရာ
သတင်းဌာနသို့ ပြောသည်။

ယနေ့နံနက် ဆယ်နာရီကျော်ခန့်က ဦးဥတ္တမလမ်းနှင့် ကုန်သည်လမ်းကြား မင်းဘာကြီးလမ်းတွင် ရေဒူးခေါင်းထိ နစ် မြုပ်ခဲ့ပြီး ကုန်သည်လမ်းပေါ်ရှိ ဓမ္မသုခဘုန်းကြီးကျောင်းဝန်းကျင်တွင် ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ဆိုက္ကားနှင့် စက်ဘီးများ အသွားအလာ အခက်အခဲဖြစ်ပေါ်ခဲ့သည်။ စစ်တွေမြို့ ဈေးကြီးအနီး ရွှေပန်းထိမ်တန်းတွင် နံနက်ပိုင်းက ရေအနည်းငယ်မြုပ်နေသော်လည်း နေ့လယ်ပိုင်းတွင် ရေမရှိတော့ဟု သိရသည်။

“မိုးရွာလို့ ရေမြုပ်တာပါ။ တစ်နှစ်တစ်ခါလောက် ဒီလိုမျိုးဖြစ်တတ်ပါတယ်။ တစ်ချို့လုပ်လက်စ စီမံကိန်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်”ဟု ကျောင်းတက်လမ်း ရပ်ကွက်မှ ဈေးဆိုင်သည်တစ်ဦးမှ ပြောသည်။
( စစ်တွေတွင် ယနေ့ ရေကြီးနေစဉ်)
စစ်တွေမြို့တွင် မိုးရာသီ၌ နှစ်စဉ်ရေးလွှမ်းမိုးမှုရှိသဖြင့် ရေလွှမ်းမိုးမှု မရှိစေရန် ရေစီးရေလာကောင်းအောင် မြို့လယ်ချောင်း တူးဖေါ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

သို့သော် မိုးရာသီရောက်ပြီဖြစ်သော်လည်း လုပ်ငန်းပြီးစီးမှု မရှိသေးဘဲ ဘီလူးမတံတားအနီး မိဇံရပ်ကွက်တွင် ချောင်းကိုတူးပြီး နံဘေးဘောင်ကိုကွန်ကရစ်ဖြင့် လုပ်ဆောင်လျက်ရှိရာ ချောင်းရေစီးမှုကို
အဟန့်အတား အနည်းငယ်ပြုနေသဖြင့် ရေစီးမကောင်းဘဲ ဖြစ်နေကြောင်း လေ့လာသိရှိရသည်။

စံမောင်သန်း/Narinjara
https://www.facebook.com/pages/Narinjara

မိုးကြီးပြီး ထူးကဲဒီရေတက်ရာမှ စစ်တွေမြို့ တွင် ရပ်ကွက် ၂၀ ခန့်ရေမြုပ်  မိုးကြီးပြီး ထူးကဲဒီရေတက်ရာမှ စစ်တွေမြို့ တွင် ရပ်ကွက် ၂၀ ခန့်ရေမြုပ် Reviewed by သစ်ထူးလွင် on 17:53 Rating: 5
Powered by Blogger.